ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း)
ဒီနေ့မနက်ပိုင်းကစပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ဗန်းမော်မြို့ပတ်ဝန်းကျင်ကို လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ ဗန်းမော်က စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေပြီး ဒီနေ့တစ်ရက်ထဲမှာပဲ လေကြောင်းကနေ လာရောက်ပစ်ခတ်မှုက ခြောက်ကြိမ်ထပ်မနည်း ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကို စောင့်ကြည့်နေတဲ့ ဒေသခံတချို့က ပြောပါတယ်။
“မနက် ၂ နာရီ ၃ နာရီလောက်ထဲက စပြီးဗုံးကြဲတယ်။ Y-12 နဲ့လာလိုက်၊ ဂျက်ဖိုက်တာနဲ့ လာလိုက်နဲ့ တစ်ခါလာရင် သုံးစင်း၊ လေးစင်းပါတယ်” လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့က စစ်ကောင်စီရဲ့ အဓိကတပ်ရင်းတွေဖြစ်တဲ့ အမတ -၃၆၆၊ ခလရ – ၂၃၆ နဲ့ စကခ -၂၁ တို့ကို အဓိကထားကာ တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်ဒေသတွင်း သတင်းတချို့မှာလည်း ဒီနေ့မနက်ပိုင်းက ဖော်ပြထားပါတယ်၊
မနေ့ကလည်း ဗန်းမော်မြို့အစွန်က ဆင်ခြေဖုန်းရပ်ကွက်တွေမှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ KIA တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတချို့မှာလည်း ဖော်ပြထားပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာပါ။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဟာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့ပေါ်က နေအိမ်နဲ့အဆောက်အဦအများအပြား ပျက်စီးခဲ့ကာ ဒေသခံတွေလည်း မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်ကောင်စီအနေနဲ့ ဗန်းမော်မြို့ပေါ်က KIA တပ်တွေ ခိုအောင်းနိုင်မယ့် အဆောက်အဦမှန်သမျှကို လေယာဉ်တွေ၊ ဒရုန်းတွေအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့တစ်ခုလုံးနီးပါး ရစရာမရှိအောင် ပျက်စီးခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ကတော့ ဘာမှရစရာ မရှိတော့ဘူး။ အိမ်တွေလည်း အကုန်ကုန်တာပဲ။ လောလောဆယ်မြို့ခံတွေကတော့ မန္တလေး၊ မြစ်ကြီးနား အဲ့ဘက်တွေ နီးစပ်ရာအကုန်ရှောင်နေတာပေါ့။ ပြန်လာရင် ပြန်စရာအိမ်ကျန်ဖို့ပဲ မျှော်လင့်နေတာပဲ” လို့ ဗန်းမော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကာလ နှစ်လကျော်လာတဲ့ ကာလအတွင်းမှာ KIA နဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ လက်ကျန်စစ်စခန်းတွေကို ဝန်းရံပိတ်ဆို့ထားပြီး အခုလ ပထမအပတ်မှာတော့ ဗန်းမော်အခြေစိုက် တင့်ကားတပ်ရင်းတစ်ခုကို သိမ်းယူထားနိုင်ခဲ့ပါတယ်။
ပုံစာ – ဗန်းမော်မြို့တွင်း ချီတက်လာတဲ့ တော်လှန်ရေးပူးပေါင်းတပ်များ
ဓါတ်ပုံ – Bamaw Scout Team

