ပေါက်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၄ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက ဂြင်းဒွေရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ဒဏ်ရာရခဲ့သူတွေထဲကတစ်ဦး မနေ့ကထပ်မံသေဆုံးခဲ့တာကြောင့် ဒီဖြစ်စဉ်အတွင်း လူသုံးဦးသေဆုံးခဲ့ပြီး ကျန်သုံးဦးဟာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
” ကောင်လေးက ဘယ်ခြေထောက်မှာ လက်နက်အစဝင်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာ။ လူနာက ရောက်ကတည်းက သွေးထွက်လည်းလွန်ထားတော့ ဆေးခန်းကို ရောက်တာနဲ့ သွေးတွေလည်းတော်တော်သွင်း လိုက်ရတယ်။ သူတစ်ယောက်ပဲ ဒဏ်ရာပြင်းတာ။ တစ်ခြားသူတွေက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး”လို့ ဒီအကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီလ ၁၂ ရက်နေ့မှာ စစ်ကျန်ဗုံးသီးကွဲလို့ သေဆုံးထိခိုက်ခဲ့ကြတာဖြစ်ပြီး ဒီလူငယ်တွေဟာ မင်းပြားမြို့နယ်ထဲက ကောက်ရလာတဲ့ဗုံးသီးကို ထုရိုက်မိရာကနေ ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ အရပ်သားတွေဟာ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေ၊ မြေမြှပ်မိုင်းတွေကြောင့် မကြာခဏ ထိခိုက်သေဆုံးနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ ရခိုင်ပြည်နယ်မှာ ပေါက်ကွဲစေတဲ့စစ်ကျန်ပစ္စည်းတွေကြောင့် လူ ၉၀ ခန့် ထိခိုက်ခဲ့ပြီး ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ငါးဦးသေဆုံးခဲ့တယ်လို့ UNICEF- မြန်မာက ထုတ်ပြန်ထားပါတယ်။
ပုံစာ- ပေါက်တောမြို့နယ်မှာ စစ်ကျန်ဗုံးသီးပေါက်လို့ ဒဏ်ရာရခဲ့သူတစ်ဦးကို တွေ့ရစဉ်။
ဓါတ်ပုံ- APM

