ဂွ – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ကညနေပိုင်းမှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ၈ ရက်နေ့ကတစ်ကြိမ် မြို့ပေါ်ကို စစ်ကောင်စီကဗုံးကြဲချခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေသေဆုံးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
မနေ့က တိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးဒဏ်ရာရကာ အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး ၈ ရက်နေ့က တိုက်ခိုက်မှုအတွင်းမှာ တစ်ဦးသေကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
” ဗုံးက တစ်ပြိုင်တည်းမှာ နှစ်လုံးချသွားတာ။ တစ်လုံးက ရပ်ကွက်ထဲက လမ်းပေါ်ကိုလာကျပြီး လမ်းသွားလမ်းလာ တစ်ယောက်သေသွားတယ်။ နောက်တစ်လုံးက လူမနေတဲ့အိမ်အလွတ်ပေါ်မှာလာကျတယ်” လို့ ဂွမြို့နယ်ထဲက စစ်ရေးသတင်းမြစ်တစ်ဦးက ဖြစ်စဉ်တွေကို ပြန်ပြောပြပါတယ်။
ကျိန္တလီမြို့ဟာ ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးမြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်ထဲမှာ ပါဝင်ပြီ ဂွ-သံတွဲမြို့နယ်အစပ်မှာတည်ရှိတဲ့မြို့ဖြစ်ကာ သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းတွေတည်ရှိတဲ့မြို့ပါ။
ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေပြီဖြစ်တဲ့ စစ်ကောင်စီဟာ အရပ်သားနေထိုင်ရာမြို့ရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုတိုးလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
” AA ထိန်းချုပ်ထားတဲ့ မြို့တိုင်း၊ ရွာတိုင်းမှာ ဗုံးခိုကျင်းတွေ မဖြစ်မနေပြန်တူးထားရမယ့်အခြေအနေပါ။ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင်လုပ်လို့မရရင် ကိုယ့်ကိုကိုယ်ကာကွယ်ရမယ်။ တချို့လူတွေဆို လေယာဥ်တအားဝဲတဲ့နေ့ဆိုရင် စိတ်မသိုးမသန့်ဖြစ်လို ဗုံးခိုကျင်းထဲဆင်းအိပ်နေကြရတယ်” လို့ ကျောက်တော်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
မော်ကွန်းက သီးခြားစုစည်းထားတဲ့စာရင်းအရ ဒီနှစ်အစကနေ ယနေ့အထိ ရခိုင်ပြည်နယ်ထဲကမြို့ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သား ၃၉ ဦး သေခဲ့ပြီး ၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပုံစာ- တိုက်ပွဲအတွင်း ဖျက်ဆီးခံခဲ့ရတဲ့ ကျိန္တလီတံတား(ကုလားပြင်)ကို ဝေဟင်ကနေ တွေ့ရစဉ်။
ဓါတ်ပုံ- AA Info Desk

