ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
ရှမ်းပြည်မြောက်ပိုင်းက သီပေါမြို့အဝင်မုခ်ဦးမှာ ရေးဆွဲထုဆစ်ထားတဲ့ ရှမ်းလူမျိုးကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က အစားထိုး ပြောင်းလဲ လိုက်တဲ့အပေါ် ပြင်းပြန်းထန်ထန်ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(Shan State Joint Action Committee-SSJAC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
“ ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီမဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှု မရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲနေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့်” ကန့်ကွက်တာလို့ ဖော်ပြပါတယ်။
ဒီလ ၇ ရက်မှာ TNLA ဟာ သီပေါမြို့အဝင်ဆိုင်းဘုတ်က ရှမ်းလူမျိုးအမှတ်အသားကို ပလောင်လူမျိုးအမှတ်အသားဖြင့် အစားထိုးဖို့ ကြိုးပမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ယခင်တုန်းက ရှမ်းပြည်နယ်မြေပုံပေါ်မှာ အဝါ၊ အစိမ်း၊ အနီနဲ့အဖြူရောင်ပါဝင်တဲ့ ရှမ်းအလံရောင်အခြေခံထားတဲ့ ဆေးနဲ့အရောင်ခြယ်သကာ ရိုးရာဗုံရှည်တီးခတ်နေတဲ့ ရှမ်းအမျိုးသားပုံနဲ့အတူ ရှမ်းနဲ့မြန်မာဘာသာစကားတွေနဲ့ ပုံဖော်ဖန်တီးထားတာဖြစ်ပြီး ယခုအခါ TNLA က ရှမ်းစာတွေရော ရှမ်းအလံအရောင်တွေကိုပါဖျက်ကာ အစိမ်းနဲ့အဖြူပါဝင်တဲ့ သူတို့ အမျိုးသားအလံနဲ့ အစားထိုးလိုက်တာပါ။
“ ပြည်ထောင်စုကြီးတည်ထောင်လာတယ်ဆိုတာက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူပေါ်မှာ ကျွန်တော်တို့ ရပ်တည်တာ ဖြစ်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ရှိတယ်လေ။ မလိုအားအပ်တဲ့လုပ်ရပ်တွေဆိုတာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်ဆိုတဲ့ဟာကို သက်ဆိုင်တဲ့အဖွဲ့အစည်း၊ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက နားလည်သင့်တာပေါ့လေ။ ဒီလိုဟာမျိုး နောင်မဖြစ်အောင်ဆိုတာကတော့ သင်ခန်းစာယူသင့်တာပေါ့ဗျာ ” လို့ TNLA လုပ်ရပ်အပေါ် SSJAC ပြောခွင့်ရ စိုင်းဖုန်းဟန်က မော်ကွန်းကို ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး PSLF/TNLA ဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို ပြောခွင့်ရသူလွေးယေဦးကို မော်ကွန်းက ဆက်သွယ်ပေမယ့် မရသေးပါဘူး။
သီပေါမြို့အဝင်မုဒ်ဦးက ရှမ်းလူမျိုးအမှတ်အသားကို TNLA ဘက်က ဖြုတ်ချတဲ့နေ့ဟာ ရှမ်းပြည်နယ်ထဲမှာ ရှမ်းလူမျိုးတွေရဲ့ ရှမ်းအမျိုးသားနေ့ကျင်းပတဲ့ ရက်နဲ့လည်း တိုင်ဆိုင်ခဲ့ပါတယ်။
ဒါအပြင် TNLA ဟာ ၂၀၂၃ သြဂုတ် ၇ ရက်ကလည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာက ရှမ်းလူမျိုးတို့ရဲ့ အထွတ်အမြတ် အခေါင်အချုပ်ဖြစ်သူ စဝ်ဆေခန်ဖရဲ့ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့သလို ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ နယ်မြေတွေမှာလည်း အလားတူလုပ်ရပ်တွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တချိန်က ရှမ်းစော်ဘွားအခြေစိုက်အုပ်ချုပ်တဲ့ ဟော်နန်းတွေတည်ရှိရာ သီပေါမြို့ကို စစ်ကောင်စီထံကနေ ပြီးခဲ့တဲ့နှစ် အတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းယူကာ ယခုအခါ PSLF/TNLA အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ပုံစာ- သီပေါမြို့အတွင်းမှာ သွားလာနေတဲ့ PSLF/TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- PSLF/TNLA

