ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၄ (မော်ကွန်း)
စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က တော်လှန်ရေးအင်းအားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
“ဖယ်ခုံအရှေ့ခြမ်း ဘီလူးချောင်း အရှေ့ဘက်ကမ်းကို လေယာဉ်တွေ ဒီနေ့တစ်နေကုန်ဝဲပြီး ဗုံးတွေလည်း ကြဲသွားတယ်” လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိခိုက်အခြေအနေတွေကိုတော့ သေချာမသိရပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်လာတယ်လို့ ဒီဒေသက စစ်ဘေးရှောင်ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေဟာ ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က လွယ်နွဲ့ဘုရားတောင်ရွာနဲ့ ရေပူရွာတွေကို စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်တချို့မှာ မနေ့ကဖော်ပြခဲ့ကြပါတယ်။
ဒီဒေသတစ်လျှောက်မှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် စစ်ကောင်စီတိုက်လေယာဉ်တွေ ပျံဝဲနေသလို ဖယ်ခုံမြို့နယ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ကရင်နီစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“လေယာဉ်က တစ်နေကုန်ဝဲနေတယ်။ ဗုံးလည်း တစ်ချက်တစ်ချက်ကြဲချသွားတယ်။ တိုက်ပွဲအခြေအနေတော့ မသိသေးပါဘူး” လို့ ၎င်းစစ်ဘေးရှောင်က ပြောပါတယ်။
ဒီဒေသတွေမှာ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pekhon- PDF ရဲ့ တပ်ရင်းတွေ လှုပ်ရှားနေတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ တော်လှန်ရေးတပ်တွေက တိုက်ပွဲအခြေအနေကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လထဲမှာ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတချို့ကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ ၁၇ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ဘုရားတောင်ကျေးရွာက စစ်ဘေးရှောင်တွေအများဆုံးနေထိုင်တဲ့နေရာကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် စစ်ဘေးရှောင် သုံးဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတချို့ ပြန်ငြိမ်သွားပေမယ့် ရှမ်းတောင်နဲ့ကရင်နီအစပ်မှာ ပြီးခဲ့တဲ့တစ်လလုံးနီးပါး တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် ဆီဆိုင်၊ လွိုင်ကော်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
ပုံစာ – ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – ဖယ်ခုံ PDF

