နေပြည်တော် – ၂၀၂၅ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
လွန်ခဲ့တဲ့လေးနှစ် ဒီလိုနေ့မှာ စစ်အာဏာသိမ်းခဲ့ပါတယ်။
စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ တစ်ပတ်အတွင်း နေပြည်တော်တခွင်မှာ ဘယ်လိုမြင်ကွင်းတွေရှိခဲ့လဲဆိုတဲ့ ဓါတ်ပုံမှတ်တမ်းတချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းခင်မှာပဲ အစိုးရခေါင်းဆောင်တွေကို စစ်တပ်ကဖမ်းဆီးထားသလို ပြည်ထောင်စုလွှတ်တော်တက်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေထားရှိရာ စည်ပင်ဧည့်ရိပ်သာ အမှတ် (၂)ကိုလည်း ထိန်းချုပ်လိုက်ပါတယ်။
ဒီနေ့ မြင်နေရတဲ့ CRPH နဲ့ NUG ထဲက ခေါင်းဆောင်တွေအများစုဟာ စည်ပင်ဧည့်ရိပ်သာထဲမှာ အဲဒီအချိန်က ရှိနေခဲ့တာပါ။
အင်တာနက်လိုင်းတွေဖြတ်တောက်ပြီး နံနက်ခင်းသတင်းမှာ စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့ပါတယ်။
အခုတော့ တစ်ကျော့ပြန်စစ်အာဏာသိမ်းမှု လေးနှစ်ပြည့်လာသလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း နိုင်ငံအနှံ့ပေါ်ပေါက်လို့လာခဲ့ပါပြီ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွက်ချက်မှုအရဆိုရင် နွေဦးတော်လှန်ရေးကာလမှာ စစ်အာဏာရှင်လက်ချက်နဲ့ သေဆုံးရသူဟာ အနည်းဆုံး ၆,၂၀၀ ကျော်ရှိလာနေပါတယ်။

ဓါတ်ပုံ – Mawkun Magazine

