စစ်တွေ- ၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း)
အာရက္ခတပ်တော်(AA) ထိုးစစ်ကိုခုခံဖို့ စစ်တွေမြို့ပြင်ကတံတားတွေကို စစ်ကောင်စီကချိုးပစ်နေသလို မြို့ပတ်လည်မှာလည်း မိုင်းထောင်ကာ ပြင်ဆင်ထားတယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းက ပြောပါတယ်။
” စစ်ကောင်စီက AA လာလို့ မရအောင် စစ်တွေမြို့ပြင်က မင်းချောင်းတံတားကြီးကို ဘတ်ဖိုးတွေနဲ့ တံတားအရင်းကနေ ဖြိုချထားတယ်။ ပြီးတော့ မြို့ပတ်ပတ်လည်ကိုလည်း မိုင်းထောင်ထားတယ်။ မောင်တောတိုက်ပွဲမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီး ဝင်တိုက်သွားတာကို ကြောက်ပြီး အိမ်တိုင်းကို ဝင်စစ်တာတွေရှိတယ်။ လှိုဏ်ခေါင်းတွေ တူးလို့ရှိ၊မရှိ ဝင်စစ်တာပေါ့”လို့ စစ်ပွဲ အခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
AA ကတော့ စစ်တွေမြို့အနီးမှာ စစ်ကောင်စီနဲ့ သူတို့ စစ်ရေးပြင်းထန်နေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ဒါအပြင် ဧရာဝတီ၊ ပဲခူး တိုင်းတွေထဲက စစ်ကောင်စီစခန်းတချို့ကို ဒီရက်ပိုင်းအတွင်း သိမ်းထားတယ်လို့ ပုံနဲ့တကွ ဖော်ပြပါတယ်။
လက်ရှိမှာ AA နဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေဟာ စစ်တွေမြို့အနီးက ရေချမ်းပြင်ရွာနဲ့ ရန်ကုန်- စစ်တွေကားလမ်းပေါ်က ပါဒလိပ်ရွာနားအထိ ရောက်ရှိလာနေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်တွေမြို့မကျရေး မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲနေရာကို ပစ်ကူနေပြီး မြို့ခံတွေကိုလည်း စစ်ဆေးတာတွေ ပိုမိုပြုလုပ်လာနေတယ်လို့ စစ်တွေဒေသခံတချို့က ပြောပါတယ်။
” တိုက်ပွဲမဖြစ်ခင်ကတည်းက ကြောက်လန့်စိတ်နဲ့ နေထိုင်နေခဲ့ရတာ။ အခုဆို လက်နက်သံတွေကြားရတော့ ပိုကြောက်တာပေါ့။ အဖမ်းခံရမှာ စိတ်ပူရတာကတစ်မျိုးနဲ့ လမ်းတွေလည်း သိပ်မထွက်ဖြစ်တော့ဘူး။ စစ်တပ်ကလည်း တစ်မြို့လုံး နေရာအပြည့်အယူထားတယ်။ အာကျိတ်တော်ကုန်းဘုရားဘက်ကလည်း အမြှောက်ထိုင်ပြီး တရစပ်ပစ်နေတယ်” လို့ ပြောပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကလွဲလို့ ကျန် မြို့တွေကိုသိမ်းပိုက်ထားပြီး လက်ရှိမှာ ရခိုင်ရိုးမတောင်တန်းတစ်လျှောက်က စစ်ကောင်စီ တပ်စခန်းတွေနဲ့ ရခိုင်- ဧရာဝတီအစပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်တွေမြို့အဝင် တနေရာကို တွေ့ရစဉ်။
ဓါတ်ပုံ – Zaw Win Paing

