ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၄ (မော်ကွန်း)
မတ္တရာမြို့နယ်အတွင်း တော်လှန်တပ်တွေစိုးမိုးထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒီဒေသအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေတယ်လို့ မတ္တရာ ဒေသခံတချို့က ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ဖယောင်းတောင်ဒေသတစ်ဝိုက်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံအပါအဝင် ကျေးရွာတချို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားပို့ဆောင်ကာ စစ်ကြောင်းထိုးလာတာပါ။
မနေ့ကစပြီး မတ္တရာမြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး မတ္တရာမြို့ပေါ်အပါအဝင် စစ်ကောင်စီလက်နက်ကြီးစခန်းဆင်ထားတဲ့ကျေးရွာတွေကနေ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။
“လက်နက်ကြီးတွေကတော့ ဒီနှစ်ရက်သုံးရက်ရှိပြီ နေ့တိုင်းပစ်နေတယ်။ စစ်ကြောင်းတွေလည်း အင်အားတော်တော်များတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
မတ္တရာနဲ့ သပိတ်ကျဉ်းလမ်းပိုင်းတလျှောက်ကို စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး နယ်မြေရှင်းလင်းနေတယ်ဆိုတာကိုလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တချို့က ဒီရက်ပိုင်းမှာဖော်ပြနေကြပါတယ်။
ဒီဒေသတွေကို နယ်မြေစိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကတော့ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီဟာ လက်နက်ကြီးပစ်ခတ်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်တို့မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ အခုလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ညနေပိုင်းစပြီး တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ထန်းပင်ကုန်းကျေးရွာကို မတ္တရာမြို့နယ်ထဲကနေ လက်နက်ကြီးအချက်ရေ ၂၀ ကျော်ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းလည်းထိုးနေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ထန်းပင်ကုန်းက အရင်ကလမှ PDF တွေ သိမ်းထားတာမကြာသေးဘူး။ အခုအဲဒီရွာကို ဦးတည်ပြီး လက်နက်ကြီးတောက်လျှောက်ပစ်တယ်။ မတ္တရာမြို့ဘောလုံးကွင်းထဲမှာထိုင်ထားတဲ့ ဟောင်ဝစ်ဇာနဲ့ပစ်တယ်။ မတ္တရာဘေးက မြကန်သာရွာမှာလည်း လက်နက်ကြီးတွေထိုင်ထားတာရှိတယ်။ မနေ့က အဲဒီကနေ တစ်ညနေလုံး တောက်လျှောက်ပစ်နေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့ထန်းပင်ကုန်းရွာဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမှ မန္တလေး PDF တပ်တွေ စစ်ကောင်စီလက်ထဲက အပြီးသတ်သိမ်းယူခဲ့တဲ့ ကျေးရွာတစ်ခုပါ။
မန္တလေး PDF တပ်တွေဟာ မတ္တရာမြို့နယ်ထဲက လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံက တပ်စခန်း၊ ဆည်တော်ကြီးရဲစခန်းနဲ့ ဖယောင်းတောင် ရဲစခန်းတွေအပါအဝင် တပ်စခန်းပေါင်း ၄၀ ကျော် သိမ်းယူခဲ့ပါတယ်။
မတ္တရာမြို့နယ်ဝန်းကျင်အပါအဝင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ခုနစ်မိုင်ရွာကိုလည်း မနေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မန္တလေး PDF တပ်တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်းနဲ့ မတ္တရာမြို့နယ်တွေထဲက နယ်မြေအများအပြားကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူနိုင်ခဲ့တာပါ။
ပုံစာ – မန္တလေးတိုင်းအတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – MDY PDF

