ကျိုက်ဒုံ – ၂၀၂၅ ဇန်နဝါရီ ၂၂ (မော်ကွန်း)
ကေအဲန်ယူ-တပ်မဟာ ၆ ၊ ကျိုက်ဒုံမြို့ကို ဒီနေ့နံနက် ၇း၃၀ မိနစ်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံး စစ်ကောင်စီက လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသူကတော့ အသက် ၅၃ နှစ်အရွယ်၊ ကျိုက်ဒုံမြို့ ရပ်ကွက်အမှတ် (၅)မှာနေထိုင်တဲ့ ဒေါ်ထားဝယ်ဖြစ်ပြီး ရာဘာစေးခြစ်အပြန်မှာ စစ်ကောင်စီကြဲချတဲ့ ဗုံးမှန်ကာ သေဆုံးခဲ့တာပါ။
ပေါင် ၅၀၀ ဗုံးထိမှန်တာကြောင့် မီးသတ်ဌာနအဆောက်အဦးနဲ့ လူနေအိမ် လေးလုံးလည်း ပျက်စီးသွားရတယ်လို့ နယ်မြေသတင်းရင်းမြစ်ဆီကသိရပါတယ်။
ကျိုက်ဒုံမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ထားတဲ့ ထိုင်းနိုင်ငံဘက်က နို့ဖိုးဒုက္ခသည်စခန်းရှိရာ ပိုင်ခလိုင်နယ်စပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြို့ဖြစ်ပါတယ်။
မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် ကေအဲန်ယူဘက်က မြို့အုပ်ချုပ်ရေးအဖွဲ့ကို ရွေးကောက်ပြီး အုပ်ချုပ်နေတာဖြစ်သလို ပုံမှန်လည်ပတ်နေတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ပုံစာ – ပေါင် ၅၀၀ ထိမှန်ထားတဲ့ မြင်ကွင်းနဲ့ သေဆုံးသူ
ဓါတ်ပုံ – ပေးပို့

