ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၆ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် ခြောက်သောင်းခွဲကျော်အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒီဒေသမှာ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ဒီရက်ပိုင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
PYO အနေနဲ့ ၂၀၂၄ အတွင်း ရှမ်းပြည်တောင်ပိုင်း စစ်ပဋိပက္ခအတွင်း လူထုတွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကို မနေ့ကရက်စွဲနဲ့ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့နှစ်အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်နဲ့ မောက်မယ် မြို့နယ်တွေမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ၊
ဒီတိုက်ပွဲတွေကြောင့် ရှမ်းတောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ မြို့နယ်တွေမှာ နေရပ်စွန့်ခွာနေရဆဲ စစ်ဘေးရှောင် ၆၅,၀၀၀ ကျော်ရှိနေဆဲဖြစ်ပြီး ဒီစစ်ဘေးရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
တချို့ စစ်ဘေးရှောင်ဟာ ၂၀၂၄ နှစ်စပိုင်းထဲက စစ်ဘေးရှောင်နေကြရပြီး နေအိမ်ကနေ ထွက်ပြေးနေရတာ တစ်နှစ်ကျော်နီးပါးလို့ ဆီဆိုင်မြို့နယ်ထဲမှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“တချို့ဆို အိမ်တွေလည်း မရှိတော့ဘူး။ ပြန်လို့လည်းမရဘူး ရွာအနီးတစ်ဝိုက်ကလည်း တပ်တွေချထားတာ၊ စစ်ရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေမှာလည်း ရေရှည်ပေါ့နော် စားဝတ်နေရေးက တော်တော်အခက်အခဲဖြစ်ပါတယ်။ နှစ်နဲ့ချီလာတော့ တော်တော်ခက်ခဲနေကြပြီ” လို့ ၎င်း စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေကလည်းကျဆင်းသွားပြီး စစ်ဘေးရှောင်တွေဆီကို အကူအညီတွေရောက်ရှိဖို့ကလည်း ခက်ခဲနေတယ်လို့ ရှမ်းတောင်ပိုင်းက စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အလှူငွေတွေလည်း ပိုနည်းလာတယ်ပေါ့နော်။ စဖြစ်စဉ်ကတော့ လှူကြတယ်ပေါ့နော်၊ နောက်ပိုင်းကြာလာတော့လည်း မလှူနိုင်တော့တာတွေ ရှိလာတယ်။ ကြာလေလေပိုခက်လေလေဖြစ်လာတယ်။ သွားရင်လည်းလမ်း မပေါက်တာတွေ၊ ဖြတ်ခွင့်မရတာတွေ အခက်အခဲတွေအများကြီးရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။
မနှစ်ကဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးတွေ အများအပြားအသုံးပြုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေကြားမှာ တစ်နှစ်အတွင်း အရပ်သား ၁၂၉ ဦး သေဆုံးခဲ့ကာ သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၁၈ ဦးလည်း ပါဝင်တယ်လို့ PYO ရဲ့ မှတ်တမ်းမှာဖော်ပြထားပါတယ်။
ဒီသေဆုံးမှုတွေထဲမှာ သတ်ဖြတ်ခံရတာ၊ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာ၊ ဒရုန်းနဲ့တိုက်ခိုက်ခံရတာနဲ့ မြေမြုပ်မိုင်းနင်းမိလို့သေဆုံးတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အရပ်သားနေအိမ်ပေါင်း တစ်ထောင်ကျော်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ လမ်းတံတား၊ ဆေးရုံဆေးခန်းနဲ့ ဈေးတွေလည်း အများအပြားပျက်စီးခဲ့တယ်လို့လည်း PYO က မှတ်တမ်းတင်ထားတာပါ။
လက်ရှိမှာ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင် ၃ ဒသမ ၅ သန်း ထိ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီနှစ်အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ ရန်ပုံငွေ ဒေါ် တစ်ဘီလီယံကျော် လိုအပ်နေပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ငါးသန်းခွဲခန့်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ပြောထားတာပါ။
ပုံစာ – ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်တချို့ရဲ့ မြင်ကွင်း
ဓါတ်ပုံ – PNLA

