ကျောက်တော်- ၂၀၂၄ ဇန်နဝါရီ ၁၅ (မော်ကွန်း)
စစ်ဖြစ်ပြီး ကုန်သွယ်ရေးပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ ဆေးဝါးပြတ်လပ်မှုနဲ့ အရေးပေါ်သွေးရှာဖွေရ ခက်ခဲမှုတွေကြောင့် ဒဏ်ရာရ လူနာတွေ သေဆုံးသွားနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတချို့က ပြောပါတယ်။
ဒီလ ၁၁ ရက်တုန်းက ဗုံးကြဲခံရတဲ့ ကျောက်တော်မြို့မှာဆိုရင် အရပ်သားခြောက်ဦး နေရာမှာတင်သေခဲ့ပြီး ဒဏ်ရာရသူ ၃၃ ဦး ရှိခဲ့ရာမှာ ဒဏ်ရာရသူတွေထဲက သုံးဦးဟာ ဆေးဝါးမလုံလောက်မှုကြောင့် ထပ်မံသေဆုံးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေး နေသူတစ်ဦးက ပြောပါတယ်။
” ဒဏ်ရာအရမ်းပြင်းတော့ သွေးသွင်းဖို့ သွေးရှာမရတာကတစ်ကြောင်း၊ ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိတာက တစ်ကြောင်းနဲ့ လူနာတွေက ဆေးကုသမှုခံယူနေရင်း သေဆုံးသွားရတာတွေ ရှိပါတယ်။ အရင်ကဆို သွေးအလှူရှင်အဖွဲ့ တွေရှိတော့ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ရင်ရပြီ။ အခုဟာက ဘယ်ကိုသွားရှာရမှန်းလည်းမသိတော့ အချိန်ကြန့်ကြာတယ်။ ပြီးတော့ ဆေးရုံမှာလည်း ဆေးဝါးပြတ်လပ်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ထိလွယ်ရှလွယ်ကာလမျိုးမှာ အရေးကြီးတဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာကလည်း အရမ်းကိုဆိုးပါတယ်။ မသေသင့်ဘဲသေနေရတယ်” လို့ သူက ပြောပါတယ်။
အလားတူ ဒီလ ၁၁ ရက်မှာဘဲ စစ်တွေအခြေစိုက် အမြှောက်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာက အမျိုးသမီးတစ်ဦးလည်း လိုအပ်တဲ့ဆေးဝါးကုသမှုတွေ မရခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။
ရသေ့တောင်ဒေသခံတစ်ဦးက ” ဆေးရုံအထိသွားဖို့ကလည်းဝေးသလို အနီးအနားက ဆေးခန်းတွေမှာလည်း လိုအပ်တဲ့ဆေးတွေမရှိတော့ လူနာက သွေးထွက်လွန်ပြီးသေသွားတာလို့ သိရတယ်။ ရခိုင်ရဲ့လက်ရှိအခြေအနေက ပြည်သူတွေ ဒဏ်ရာရရင်တောင် ကုစရာဆေးမရှိတဲ့ အခြေအနေဖြစ်နေပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ခရီးသွားလာနေတဲ့ ကုန်သည်တချို့က ဆေးဝါးတွေကို မှောင်ခိုနည်းလမ်းနဲ့ တင်သွင်းနေတာဖြစ်ပြီး အရင်ကလို ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ဆေးအကြောင်းသိကျွမ်းနားလည်သူတွေက တင်သွင်းတာမဟုတ်တဲ့အတွက် အရေးပေါ် ဆေးဝါးတွေပါမလာဘဲ သာမန်ဖျားနာကိုက်ခဲပျောက်ဆေးလောက်သာ ဈေးကွက်မှာ ရှိတယ်လို့ မြောက်ဦးမြို့က ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
”
သူတို့က ဆေးအကြောင်း ဘာမှနားမလည်တော့ သူတို့သိတဲ့ ဆေးတွေကိုပဲ ဝယ်ချလာတယ်။ ဆေးရုံက သူနာပြုတွေ အရေးကြီးတဲ့ ဆေးတွေလာရှာရင် ဆိုင်မှာ ဘာမှမရှိဘူး။ နာတာရှည်ရောဂါသည်တွေနဲ့ ဆီးချိုသမား၊ တီဗီရောဂါ သမားတွေ လည်း ဒီကာလမှာ အတော်အခက်တွေ့တယ်။ ဆေးတွေက စျေးလည်းအရမ်းတက်တယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ ဆေးကိုလည်း ဝယ်မရဘူး” လို့ အထက်ပါ ဆေးဆိုင်ပိုင်ရှင်က ပြောပါတယ်။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလကနေ ပြည်မနဲ့ ကုန်သွယ်ရေး ပိတ်ပင်ခံထားရတာကြောင့် ရခိုင်ပြည်နယ်အနှံ့ ဆေးဝါးပြတ်လပ်မှုဒဏ်ကို နှစ်ရှည်ခံစားနေကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ၊ လောင်စာဆီနဲ့ စိုက်ပျိုးရေးမြေသြဇာတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ တင်သွင်းနေသော်လည်း ဆေးဝါးသယ်ယူခွင့်ကို မီဇိုရမ်ပြည်နယ်ထဲက လူငယ်အဖွဲ့တွေနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ပင်ထားလို့ ရခိုင်ပြည်နယ်က အရပ်သားတွေ ပိုလို့ ဒုက္ခရောက်နေရတာလည်း ဖြစ်ပါတယ်။
ဆေးဝါးပြတ်လပ်မှုတွေခံစားနေရတဲ့ ရခိုင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေက ကူညီ ထောက်ပံ့ပေးကြဖို့ အာရက္ခတပ်တော်(AA) က ကုန်ခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက တရားဝင်ထုတ်ပြန် အကူအညီ တောင်းခံ ခဲ့တာရှိပေမယ့် အခုအချိန်အထိ လုံလောက်တဲ့ အကူအညီမပေးကြသေးပါဘူး။
ပုံစာ- ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက မင်းပြားမြိုနယ် သာဒေ(မူဆလင်ရွာ) ကို စစ်ကောင်စီက လေကြောင်းကနေဗုံကြဲ တိုက်ခိုက်စဉ် အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာ ရသူတစ်ဦးကို AA ဆေးတပ်ဖွဲ့က ဆေးကုသမှုပေးနေတာ ဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲက လေးဦးဟာ ဆေးဝါးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့ရပါတယ်။
ဓါတ်ပုံ- AA Info Desk

