မြောက်ဦး – ၂၀၂၄ ဇန်နဝါရီ ၁၀ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်မှုကြောင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေကို အဓိကမှီခိုရပ်တည်နေရတဲ့ မိသားစုတွေဟာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်ထိုးစစ်ဆင်တဲ့ကာလအတွင်း တိုက်ပွဲတွေကြားမှာ ရခိုင်ပြည်နယ်ရဲ့ အဓိကကျတဲ့ အမ်းစက်သွယ်ရေးစခန်း လေယာဉ်ဗုံးကြဲခံရကာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်ကတည်းက ပြည်နယ်တစ်ဝန်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာပါ။
” လတိုင်း နိုင်ငံခြားကလွှဲပေးတဲ့ငွေလေးနဲ့ စားသောက်နေရတာ။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ ယောကျာ်းဆီက လွှဲတဲ့ငွေနဲ့ပဲ။ အခု အဆက်အသွယ်မရတာလည်း နှစ်လလောက်ရှိနေပြီ။ စားဝတ်နေရေးအဆင်မပြေလို့ နီးစပ်ရာမိတ်ဆွေတွေဆီက အတိုးနဲ့ချေးထားရတယ်။ ဖုန်းလိုင်းက ဘယ်အချိန်မှပြန်ရမလဲမသိတော့ အတိုးက တစ်လထက်တစ်လဆင့်လာမှာကိုလည်း စိတ်ပူနေရတယ်” လို့ မြောက်ဦးမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ စစ်တွေမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကလည်း နိုင်ငံခြားမှာရှိနေတဲ့ သားဖြစ်သူနဲ့ အဆက်အသွယ်မရတဲ့အတွက် ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆေးဝါးကုသမှုတွေတောင် မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။
” ကျွန်မက ဆီးချိုရောဂါသည်ဆိုတော့ ဆေးခန်းတွေ ခဏခဏပြရတယ်။ ဆေးတွေလည်း မပြတ်တမ်းဆောင်ရတော့ သားကိုပဲ အားကိုးနေရတာ။ ပုံမှန်ဆို လကုန်တိုင်းဖုန်းနဲ့အဆက်အသွယ်လုပ်ပြီး ငွေသွားထုတ်လို့ ရသေးတယ်။ အခု ဘာမှဆက်သွယ်လို့မရတော့ ဆေးဖိုးတောင် မတတ်နိုင်ဘူး။ စားရေးသောက်ရေးကိုတောင် စျေးရောင်းပြီးစားနေရတယ်။ ကိုယ့်ဒေသမဟုတ်တဲ့ တခြားတစ်နေရာမှာ လာပြီး စစ်ရှောင်နေရတာဆိုတော့ ပိုပြီးကျပ်တည်းတာပေါ့ ” လို့ ပြောပါတယ်။
လက်ရှိမှာ ဖုန်းလိုင်းတွေပြတ်တောက်နေတာဟာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်သလို အမ်းမြို့ကိုလည်း AA က သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့အတွက် ဆက်သွယ်ရေးလိုင်းတွေကို ပြန်လည်ပြုပြင်ကာ မိသားစုဝင်တွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ AA အနေနဲ့ကူညီပေးဖို့ ပြည်ပထွက်အလုပ်လုပ်နေကြတဲ့ မိသားစုဝင်တချို့က တောင်းဆိုကြပါတယ်။
” လေကြောင်းကနေ ဗုံးကြဲခံရတဲ့သတင်းတွေ အမြဲကြားနေရတော့ ရခိုင်မှာရှိနေတဲ့ မိသားစုဝင်တွေကို စိတ်ပူပြီး အလုပ်လည်း စိတ်ဖြောင့်ဖြောင့်နဲ့ မလုပ်နိုင်ဘူး။ အင်တာနက်မရရင်တောင် ဖုန်းလိုင်းရရင် ဖုန်းလေးဆက်ပြီး သတင်းမေးလို့ရသေးတယ်။ အခုဟာက မိသားစုတွေက ဘယ်ကိုပြေးလို့ ဘယ်ကိုရောက်နေမှန်းလည်း မသိ၊ အဆင်ပြေရဲ့လားဆိုတာလည်း မသိရဘူး။ ပြည်သူတွေရဲ့ခက်ခဲမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ငဲ့ညှာပြီး ဖုန်းလိုင်းတွေပြန်ရအောင် သက်ဆိုင်ရာအာဏာပိုင်တွေက အမြန်ဆုံးလုပ်ဆောင်ပေးသင့်တယ်” လို့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က အမျိုးသားတစ်ဦးက ပြောပါတယ်။
AA ဟာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးစတင်တဲ့ စစ်ဆင်ရေးတွေအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ရေးအရ ယာယီဖြတ်တောက်ဖူးသလို နောက်ပိုင်း ပြန်ဖွင့် ပေးတာတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာက စတင်တဲ့ AA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီဟာ ရခိုင်မှာ အကြီးအကျယ် စစ်ရှုံးခဲ့ပြီး အခုဆိုရင် စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ သုံးခုမှာဘဲ အခြေချနိုင်ပါတော့တယ်။
ပုံစာ- မြောက်ဦးမြို့နယ်ထဲ ကျေးရွာတစ်ရွာကို တွေ့ရစဉ်
ဓါတ်ပုံ- မော်ကွန်း

