ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၉ (မော်ကွန်း)
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရမ်းဗြဲကျွန်းတောင်ပိုင်းက ကျောက်နီမော်ရွာကို စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ဦးရေ ၄၁ ဦးထိရှိလာပြီလို့ အဲဒီ့ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့က နေ့လယ် ၁ နာရီခန့်မှာ ရခိုင်ကမ်းရိုးတမ်းက ရမ်းဗြဲကျွန်းပေါ်မှာရှိတဲ့ ကျောက်နီမော်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ သေဆုံးသူများပြားခဲ့တဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ဗုံးထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၂ ဦးထိ ရှိခဲ့တယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ကျောက်နီမော်ရွာရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်ပေါင်း ၅၀၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒီကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ အသေးစိပ်မသိရှိရသေးပါဘူး။
ရခိုင်ကမ်းရိုးတမ်းမှာတည်ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်းကြီးတစ်ခုဖြစ်တဲ့ ရမ်းဗြဲကျွန်းဟာ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်တွေနဲ့လည်း နီးနီးကပ်ကပ်တည်ရှိနေတာပါ။
၂၀၂၃ ဒီဇင်ဘာလအတွင်းမှာ AA တပ်တွေဟာ ရမ်းဗြဲကျွန်းရဲ့ အလယ်ပိုင်းမှာရှိတဲ့ ရမ်းဗြဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းမှာ AA အဖွဲ့က ပထမဆုံးသိမ်းပိုက်တဲ့မြို့ဖြစ်လာခဲ့ပါတယ်။
ရမ်းဗြဲမြို့ကို သိမ်းပိုက်ပြီးနောက်မှာ AA တပ်တွေဟာ တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်နဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့ကို ဆက်သွယ်ထားတဲ့ ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းကိုလည်း ပိတ်ဆို့လိုက်နိုင်တာပါ။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ထိုးစစ်ကာလအတွင်း ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီး ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေ မြို့တွေပဲ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ကျန်ရှိတော့တာပါ။
စစ်ကောင်စီကလည်း AA သိမ်းထားတဲ့ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီး မြေပုံ၊ ပုဏ္ဏားကျွန်း၊ သံတွဲနဲ့ ရမ်းဗြဲမြို့တွေကို လေကြောင်းကနေ ဒီနှစ်စပိုင်းကစပြီး ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အခုလ ၃ ရက်ကလည်း မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ညလူခြေတိတ်ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်နီမော်ရွာ မီးလောင်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – Arakan Princess Media

