ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
တစ်ရက်ကို ရှစ်နာရီလျှပ်စစ်ဓါတ်အားဖြတ်တောက်တဲ့ အလှည့်ကျမီးပေးစနစ်နဲ့ ဓါတ်အားပေးနေတဲ့ ရန်ကုန်မြို့မှာ ဒီလဆန်းပိုင်းကစပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက ပိုပြီးဆိုးဝါးလာပြီး သတ်မှတ်ထားတဲ့ အချိန်ထက် ပိုမိုပြတ်တောက်နေတယ် ရန်ကုန်မြို့နေ ပြည်သူတချို့က ပြောပါတယ်။
ရန်ကုန်တိုင်းထဲကခရိုင်လေးခုကို အုပ်စုနှစ်စုခွဲကာ တစ်ရက်ကို ရှစ်နာရီ အလှည့်ကျဓါတ်အားဖြတ်တောက်တဲ့ ဓါတ်အားပေးစနစ်ကို ဒီနှစ်စက်တင်ဘာလပိုင်းက စတင်ခဲ့တာပါ။
ဒီလို အချိန်ပိုင်းနဲ့ပေးနေပေမယ့် အခုလပိုင်း မိုးအကုန်ဆောင်းရာသီအဝင်မှာပဲ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက အဆိုးဝါးဆုံးဖြစ်လာပြီး နေ့ပိုင်းတွေမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာတယ်လို့ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဘက်မှာ နေ့ပိုင်းဆိုရင် မီးကနာရီဝက်ထက်ပိုမရတာ ဆက်တိုက်လိုလိုဖြစ်လာတယ်။ ညဘက်ဆိုရင်လည်း သုံးနာရီလောက်အလာပြလိုက်တယ်၊ ပြီးရင် နှစ်နာရီလောက်ထပ်ပြတ်သွားပြန်တယ်” လို့ ၎င်းက ပြောပါတယ်။
တာမွေမြို့နယ်က လျှပ်စစ်နဲ့အပိုပစ္စည်းတွေ ရောင်းဝယ်သူတစ်ဦးကတော့ သူတို့ရပ်ကွက်မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်ဓါတ်အားက ၁၅ မိနစ်ခန့်ပဲ လာပြီး ချက်ချင်းပြန်ပျက်သွားတာလည်း မကြာခဏကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
“အဲဒီလိုဖြစ်နေတာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်တော့ဘူး။ ဒီရက်ပိုင်းဆက်တိုက်ပဲဗျ။ အလုပ်တွေလည်း ဘာမှလုပ်လို့မရတော့လောက်အောင်ပဲ” လို့ ၎င်းကပြောပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်ချိန်များလာကြောင့် ရန်ကုန်မြို့လယ်က တိုက်ခန်းတွေမှာ နေထိုင်သူတွေအနေနဲ့ ရေစက်မောင်းတာ၊ ထမင်းဟင်းချက်ပြုတ်တာတွေမှာ မီးလာချိန် ခဏလေးအတွင်း ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ ရန်ကုန်မြို့လယ်မှာ နေထိုင်သူတချို့ကပြောပါတယ်။
“မီးလာတာနဲ့ ရေပြေးတင်ရ၊ ထမင်းအိုးပြေးချက်ရ လုပ်ရတာ။ တခါတလေ ချက်ချင်းပြန်ပျက်သွားတော့ ထမင်းအိုး၊ ဟင်းအိုးတန်းလန်းကြီးတွေဖြစ်ကုန်တယ်။ ရေတင်ဖို့က ပိုပြီးအခက်အခဲဖြစ်တယ်။ ရေတင်ဖို့ဆိုရင် ည ၁၁ နာရီ ၁၂ ရီ စောင့်ပြီး တင်နေရတယ်” လို့ တာမွေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း (YESC) ကတော့ ရန်ကုန်တိုင်းခရိုင်လေးခုကို အုပ်စုနှစ်စုခွဲကာ အုပ်စု(A) ကို မနက် ၅ နာရီမှ မနက် ၉ နာရီထိတစ်ကြိမ်နဲ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် ဓါတ်အားပြတ်တောက်မှာဖြစ်ပြီး အုပ်စု (B) ကိုတော့ မနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိတစ်ကြိမ်နဲ့ ညနေ ၅ နာရီမှည ၉ နာရီထိတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မှာဖြစ်ပြီး တစ်ရက်ကို ရှစ်နာရီမီးပြတ်မယ်လို့ ထုတ်ပြန်ထားတာပါ။
ရန်ကုန်တိုင်းမှာ လူနေရပ်ကွက်တွေအပြင် စက်မှုဇုန်တွေကိုလည်း အလှည့်ကျ လျှပ်စစ်မီးဖြတ်တောက်နေပြီး စက်တင်လဘာကုန်ပိုင်းကစပြီး ရန်ကုန်မြို့က စက်မှုဇုန်အားလုံးကို တစ်ရက်ကို လေးနာရီပဲ လျှပ်စစ်မီးပေးနေတာပါ။
ဒီလိုတစ်ရက်ကို လေးနာရီ လျှပ်စစ်မီးပေးမယ်လို့ ထုတ်ပြန်ထားတဲ့ စက်မှုဇုန်တွေမှာလည်း အခုလဆန်းပိုင်းကစပြီး လျှပ်စစ်မီးပြတ်တောက်ချိန် ပိုများလာတယ်လို့ တောင်ဒဂုံစက်မှုဇုန် (၃) က အသေးစား သံထည်ပစ္စည်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အရင်ကလည်း ဝန်အားလျှော့တယ်ဆိုပြီး ပြတ်တာရှိပါတယ်။ အရင်တည်းကလည်း မမှန်ဘူး။ အခုကပိုဆိုးလာတယ်။ လေးနာရီမှာ နှစ်နာရီပြည့်အောင် မလာတော့ဘူး။ ကျွန်တော်တို့ကတော့ မီးစက်တွေနှိုးရတာပေါ့ဗျာ။ ဆီဖိုးနဲ့ ကုန်ကျစရိတ်တွေ ပိုပြီးများလာတာပေါ့”
အခုလို လျှပ်စစ်မီး ပြတ်တောက်ချိန်များနေပေမယ့် စစ်ကောင်စီဟာ ဒီနှစ် စက်တင်ဘာလ ၁ ရက်နေ့စကစပြီး လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
အိမ်သုံးမီတာခအတွက် ယခင်က သုံးစွဲတဲ့ယူနစ်အလိုက် အများဆုံး ၁၂၅ ကျပ်ကနေ ၃၀၀ ကျပ်၊ လုပ်ငန်းသုံးအတွင်း ယခင်က အများဆုံး ၁၈၀ ကျပ်ကနေ ၅၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံနေတာပါ။
ပုံစာ – ရန်ကုန်မြို့တွင်းက ကြိုးရှုပ်နေသောဓါတ်တိုင်များ
ဓါတ်ပုံ – မော်ကွန်း

