ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၁ (မော်ကွန်း)
သီတင်းပတ်တစ်ခုကြာမြင့်လာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း တိုက်ပွဲကြားမှာ အရပ်သား ၅၀ လောက် ထိခိုက်သေဆုံးခဲ့ရပြီး မြို့လည်းမီးလောင်ကျွမ်းနေတယ်လို့ ဗန်းမော်မြို့ခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီလ ၄ ရက် နံနက်စောစောမှာ စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ရှုံးနိမ့်ဆုတ်ခွာနေရပြီး နာမည်ကြီး ဗန်းမော်အကျဉ်းထောင်ဟာလည်း ပွင့်သွားခဲ့ပြီလို့ မြို့အခြေအနေကိုသိတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
“ အခု ဒီဘက်က(KIA) မြို့မရဲစခန်း၊ စုပေါင်းရုံး၊ မီးသတ်ရုံး စတာတွေအထိ သိမ်းပြီး ဆက်ထိုးစစ်ဆင်နေတယ်လို့ သိရတယ်။ မြို့မှာရှိတဲ့လူအကုန် ထွက်ပေးကြဖို့ သူတို့က(KIA) တောင်းဆိုထားတယ်။ လမ်းတွေလည်း ဖွင့်ပေးထားတယ်။ ဧရာဝတီမြစ်ကို ဖြတ်ကူးပြေးတဲ့ မြို့ခံတချို့ကို စစ်တပ်ဘက်ကပစ်ခတ်တာတွေရှိတယ်လို့ ကြားရတယ်” လို့ ဗန်းမော်မြို့ခံက ဒီနေ့လယ်ပိုင်းမှာပြောပြပါတယ်။
ဒီတိုက်ပွဲတွေကြောင့် လူဦးရေတစ်သိန်းကျော်နေထိုင်တဲ့ ဗန်းမော်မြို့မှာ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီး မြို့ပေါ်မှာ လက်နက်ကြီးထိမှန်တာတွေကြောင့် နေအိမ်တွေနဲ့ အဆောက်အအုံ အများအပြားလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဗန်းမော်မြို့ခံတချို့က ပြောပါတယ်။
“ အထက(၂)ဘေးက ရိုမန်ကတ်သလစ်ဘုရားကျောင်းကြီးလည်း မီးလောင်နေပြီလို့ ကြားရတယ်။ ရှေးဟောင်းကျောင်းကြီးပါ။ အခုက မိုးမိတ်ဘက်က ပြန်ဆင်းလာတဲ့ စစ်သားတွေနဲ့ ပူးပေါင်းပြီး ဗန်းမော်က စစ်သားတွေက KIA ကို ခုခံနေတာလို့ သိရတယ်” လို့ အထက်ပါ ဗန်းမော်မြို့ခံကရှင်းပြတယ်။
တိုက်ပွဲကြောင့် ထွက်မပြေးနိုင်ဘဲ မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေလည်း အများအပြားရှိနေသေးပြီး လူမှုကူညီရေးအသင်းတွေက ကူညီကယ်ထုတ်ပေးနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
ဗန်းမော်ပြည်သူ့ဆေးရုံကို တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အရပ်သားအလောင်း ၅၀ ခန့်ကို အရပ်ဘက်အဖွဲ့အစည်းတွေက လာပို့ထားတယ်လို့ သိရပြီး တိုက်ပွဲပြင်းထန်နေတဲ့ တချို့ရပ်ကွက်တွေမှာ အလောင်းမကောက်နိုင်သေးတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဗန်းမော်ဒေသခံတချို့က ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ တိုက်ပွဲစတင်တဲ့ ၄ ရက်နေ့ကတည်းက မြို့ကို ပိတ်ဆို့ထားတဲ့ ညောင်ပင်သာစစ်ဆေးရေးဂိတ်ကို အရတိုက်ယူပြီး မြို့ခံလူထုကို လမ်းဖွင့်ပေးနေပေမယ့် စစ်ကောင်စီထိန်းချုပ်ထားဆဲအပိုင်းက မြို့ခံတွေဟာ ပိတ်မိနေကြပြီး ဘေးလွတ်ရာကို ပြေးမရဖြစ်နေကြတာလို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့က ထွက်ပြေးလာသူတွေဟာ လိုင်ဇာ၊ ရွှေဘို၊ မန္တလေး၊ မြစ်ကြီးနားအပါအဝင် KIA ထိန်းချုပ်တဲ့ ကျေးလတ်ဒေသ တွေကို တိမ်းရှောင်နေကြတယ်လို့ ဗန်းမော်စစ်ရှောင်မိသားစုဝင်တစ်ဦးကလည်း ပြောပါတယ်။
ဗန်းမော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အပါအဝင် ဗန်းမော်နဲ့ မံစီမြို့ကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA တပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါလို့ ဗန်းမော်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်ဟာ ကချင်ပြည်နယ်နဲ့ ပြည်မဒေသကို ရေကြောင်း၊ ကုန်းကြောင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတာပါ။
ဗန်းမော်မြို့ဟာ တရုတ်နိုင်ငံနယ်စပ်နဲ့ မိုင် ၄၀ ကျော်ဝန်းကျင်သာကွာဝေးပြီး ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ကာ ခရိုင်ရုံးစိုက်ရာ မြို့ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီစခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ကာ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီး မြို့တွေအပါအဝင် ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းထား နိုင်ပြီး ကျန်ရှိတဲ့ ဗန်းမော်၊ မံစီနဲ့ မိုးမောက်မြို့တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာပါ။
လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ခေါ်ယူခဲ့တာကြောင့် ဒီလ ၈ ရက်မှာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတချို့ကို အတည်ပြုထားပါတယ်။
ပုံစာ – တိုက်ပွဲကြားတိမ်းရှောင်နေရတဲ့ ဗန်းမော်စစ်ဘေးရှောင်များ
ဓါတ်ပုံ – Hkun Li

