ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၅ (မော်ကွန်း)
မြောက်ပိုင်းညီနောင်မဟာမိတ်တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးနဲ့နောင်ချိုမြို့တွေကို လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲတာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်ကို ဒီလ ၃ ရက်နဲ့ မနေ့က နေ့လယ်ပိုင်းတွေမှာ ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်အများအပြားပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ နောင်ချိုဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက် တစ်နာရီဝန်းကျင်မှာ လားရှိုးနဲ့ ငါးမိုင်အကွာမှာရှိတဲ့ မယ်ဟန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့် ရွာဆေးပေးခန်းအနီးက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
နေအိမ်မှာ လူမနေတဲ့အတွက် ထိခိုက်သူတော့ မရှိခဲ့ဘူးလို့ လားရှိုးမြို့အခြေစိုက် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ Freedom Youth Volunteers-FYV က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း လားရှိုး၊ နောင်ချို၊ သိန္နီ စတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့သလို ဒီလထဲမှာလည်း ဆက်ပြီး အဲဒီဒေသတွေက အရပ်သားနေထိုင်ရာ ရပ်ရွာတွေကို ဗုံးကြဲနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီလေကြောင်းရန်ကို စိုးရိမ်တာကြောင့် လားရှိုးမြို့တွင်းမှာ လူသွားလူလာ နည်းပါးနေပြီး ဒေသခံတွေအနေနဲ့ လေယာဉ်သံကိုပဲ အချိန်ပြည့်နားစွင့်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“ဈေးရောင်းဈေးဝယ်ကတော့ ပုံမှန်တော့ ရှိတယ်။ ဒါပေမဲ့ ခပ်သုတ်သုတ်သွား၊ ပြီးရင် ခပ်သုတ်သုတ်ပြန်ပေါ့။ မြို့တွင်းမှာတော့ လူက မရှိသလောက်ကို ကျဲပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၁၁) ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်စဉ် ဆိုင်ကယ်မောင်းလာတဲ့ ဒေသခံတစ်ဦးကို ထိမှန်ပြီး သေဆုံးသွားပါတယ်။
နာမည်ကျော် ‘၁၀၂၇-စစ်ဆင်ရေး’ ဒုတိယပိုင်းထိုးစစ်မှာ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ပြီးနောက်ပိုင်း စက်တင်ဘာနဲ့အောက်တိုဘာနှစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးပေါင်း ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခုနစ်ဦးသေဆုံးကာ ၅၇ ဦးထိ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်းနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက် အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့က စစ်ကောင်စီသုံ့ပန်းတွေကို ချုပ်နှောင်ထားတဲ့ အချုပ်ထောင်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် သုံ့ပန်းလေးဦး သေဆုံးခဲ့ပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုက လူနေအိမ်တွေ ပျက်စီးနေတဲ့မြင်ကွင်း
ဓာတ်ပုံ – NK

