ရန်ကုန်-၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းကို တပ်တွေရွေ့ပြီး စစ်ကောင်စီကို တော်လှန်မယ်လို့ ပြောပြီးနောက် အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် တပ်သားသစ် ခေါ်ယူနေပြီလို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က လူမှုကွန်ယက်ကတဆင့် မနေ့က အသိပေးပါတယ်။
ဒါဟာ သူတို့တပ်တွေ အညာမှာ စစ်ရှိန်မြှင့်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး၊ ဦးရည်မွန်နဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံနဲ့တကွ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ လူထုကို အသိပေးပြီးတဲ့နောက် တပ်သားသစ် ရွေးချယ်ဖို့ပါ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
“ BPLA က ဗမာလူမျိုးစု ကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကို ရှေးရှုပြီး အညာဒေသခံတပ်ဖွဲတွေ အားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို အစဉ်တစိုက်ကြိုးစားသွားမယ်လို ကတိပြုပါတယ်” လို့ အညာကို တပ်တွေပြောင်းမယ့် လူထုထံ အသိပေးထုတ်ပြန်ချက်ထဲမှာ ကွပ်ကဲရေးမှူး ကိုဆောင်းခ က ပြောခဲ့ပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန် စစ်အာဏာရှင်ကို တော်လှန်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅) နယ်မြေမှာ အခြေစိုက်ပြီး စနစ်တကျတပ်ကို တည်ဆောက်ခဲ့တဲ့ BPLA တပ်ဖွဲ့ဟာ နာမည်ကျော် ရှမ်းမြောက်မြို့သိမ်းတိုက်ပွဲတွေနဲ့ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ မဟာမိတ်တွေနဲ့အတူ စုပေါင်းအောင်ပွဲတွေ ရယူထားတဲ့ ကဗျာဆရာလူငယ်တစ်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
သူတို့နောက်ဆုံး ထုတ်ပြန်ချက်အရ KNU တပ်မဟာ(၅) နယ်မြေထဲက ခေါ်ပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒီလ ၃ ရက်က တိုက်ပွဲမှာ “ရန်သူ့အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦး အပါအဝင် စစ်သုံပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ပါသည်”လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲမှာ BPLA ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။
ကရင်ဒေသက စစ်ရေးအခြေအနေတွေကို သိတဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ BPLA တပ်တချို့ဟာ အညာစစ်ဒေသကို ရောက်နေနှင့်ပြီလို့ မနေ့တုန်းက ပြောပြပေမယ့် အသေးစိတ်ကို ထုတ်မပြောပါဘူး။
အညာစစ်ဒေသကို BPLAတပ်တွေ ရွှေ့မယ့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေထဲက လူပြိန်းကြိုက် ပြောတတ်တဲ့ နိုင်ငံရေးသမား တချို့ကတော့ လူမှုကွန်ယက်တွေကတဆင့် ဝေဖန်တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် NUG သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကတော့ ဘုံရန်သူကို တိုက်နေတဲ့သူမှန်သမျှနဲ့ ပူးပေါင်းမယ်လို့ ဆိုပါတယ်။ BPLA ခေါင်းဆောင်နဲ့ သူတို့ကာကွယ်ရေးဝန်ကြီးဓါတ်ပုံတွေ ပူးတွဲထုတ်ပြန်ထားတာဟာ အတူတကွ ပူးပေါင်းဆောင်ရွက်တာလို့ TM Media နဲ့ အင်တာဗျူးမှာ ထည့်ဖြေခဲ့ပါတယ်။
ဗမာပြည်နယ်ကို ကိုယ်စားပြုနိုင်ဖို့ ၊ ဗမာလူထုရဲ့ အသိအမှတ်အပြုခံရဖို့ အညာစစ်ဒေသကို တပ်ရွှေ့မယ့် ကိုဆောင်းခ ကတော့ သူတို့တပ်တွေ ရွှေ့ရတဲ့ ရည်ရွယ်ချက်ကို လူမှုကွန်ယက်ကတဆင့် မနေ့တုန်းက ထုတ်ပြန်တဲ့ ရုပ်သံမှာ အခုလို အသိပေးပါတယ်။
“ကျွန်တော်တို့က ဗမာတပ်၊ ဗမာပြည်နယ်ကို ကိုယ်စားပြုမယ်လို့ ပြောတဲ့အခါမှာ အများကြီး သတိထားပြီး ပြောလေ့ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ တစ်တပ်ထဲကပဲ ဗမာပြည်နယ်ကို ကိုယ်စားပြုမယ်ဆိုတဲ့ဟာမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့သည် ဗမာပြည်နယ်ကို ကိုယ်စားပြုမယ့် တပ်တွေထဲက တစ်ခုသာဖြစ်တယ်”
လက်ရှိ အညာစစ်ဒေသမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တွေကို လေးစားမှုရှိပြီး ထိုတပ်ဖွဲ့တွေနဲ့အတူ မဟာမိတ်ဖွဲ့ စုစည်းကာ လွတ်မြောက်တဲ့ဗမာနယ်မြေတစ်ခု ဖြစ်လာအောင် ဖန်တီးမယ်လို့ သူက ဆက်ပြောပါတယ်။
“ ဗမာပြည်နယ် ရှိလာရမယ်။ ဗမာပြည်နယ်ကို ငါတို့ကပဲ ကိုယ်စားပြုရမယ်ဆိုတာမျိုး လုံးဝမဟုတ်ပါဘူးဆိုတာကို ပြည်သူ လူထုကို ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ တကယ်လို့သာ နောက်ပိုင်းမှာ အညာဒေသမှာ၊ ဗမာဒေသမှာ ရှိပြီးသားတပ်ဖွဲ့တွေနဲ့ ကျွန်တော်တို့ မဟာမိတ်စုဖွဲ့ပြီးတော့ စစ်ကောင်စီကို သေသေချာချာ တွန်းလှန်နိုင်မယ်ဆိုရင် ဗမာဒေသဟာလည်း လွတ်မြောက်ဒေသ မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး” လို့ BPLA ကွပ်ကဲရေးမှူးက ပြောပါတယ်။

ပုံစာ- NUG ကာကွယ်ရေးဝန်ကြီးနှင့် BPLA ကွပ်ကဲရေးမှူး အတူတကွ တွေ့ရစဉ်နှင့် BPLA တပ်ဖွဲ့ဝင်အချို့။
ဓါတ်ပုံ- မောင်ဆောင်းခ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

