ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ရဲ့ နယ်မြေမှာရှိတဲ့ စစ်သုံ့ပန်းတွေချုပ်နှောင်ထားတဲ့ အချုပ်ထောင်ကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၆ ဦးထိ သေဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့အချုပ်ထောင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ရက် ညနေပိုင်းနဲ့ မနေ့ကမနက်အစောပိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှာတော့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ၆၀ ဦးခန့် ဒဏ်ရာရသွားပြီး မနေ့ကမနက်အစောပိုင်းတိုက်ခိုက်မှုမှာတော့ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးထပ်မံသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားတာပါ။
ဒီဗုံးကြဲခံခဲ့ရတဲ့ အချုပ်ထောင်ရဲ့ တည်နေရာကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြမထားပါဘူး။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တိုက်ရိုက်အမိန့်ပေးကွပ်ကဲမှုအောက်မှာ စုဖွဲ့ထားတဲ့တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းတို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာပါ။
ဒီတပ်ဖွဲ့ဟာ အခုနှစ် ဇွန်လပိုင်းမှာတော့ မန္တလေးတိုင်းထဲထိ ထိုးဖောက်ဝင်လာကာ ရှမ်း-မန်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ပြီး မန္တလေးတိုင်း မတ္တရာမြို့နယ်မြောက်ခြမ်းနဲ့ မိုးကုတ်မြို့နယ်တို့မှာ လှုပ်ရှားနေတာပါ။
စစ်ကောင်စီဟာ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရှမ်းမြောက်က လားရှိုး၊ နောင်ချိုနဲ့ သိန္နီမြို့တွေကို ဒီရက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အအုံတွေ ပျက်စီးတာ၊ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့ပြင် စစ်ကောင်စီအနေနဲ့ အခုလို သူတို့တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ အကျဉ်းစခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ ပြီးခဲ့တဲ့လပိုင်းမှာလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့ပါသေးတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းဖြစ်တဲ့ လေးမိုင် နခခ (၂) စခန်းက အကျဉ်းစခန်းကို ပြီးခဲ့တဲ့လ ၁၀ ရက်နေ့က စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သားအကျဉ်းသား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ AA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ AA က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ပုံစာ – စစ်ကောင်စီ ဗုံးကြဲပြီးနောက် ပျက်စီးနေတဲ့ အဆောက်အအုံ မြင်ကွင်း
ဓာတ်ပုံ – မန္တလေး PDF
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

