ဘုတလင်အရှေ့ဘက်ခြမ်းကျေးလက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်းတဲရွာကို မီးရှို့နေ

ဘုတလင်အရှေ့ဘက်ခြမ်းကျေးလက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်းတဲရွာကို မီးရှို့နေ

ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဒုတိယအကြိမ် စစ်ကြောင်းပြန်ထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့တုန်းကတော့ သူတို့ဝင်ရောက်တပ်စွဲထားတဲ့ အင်းတဲရွာကို မီးတင်ရှို့နေတယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

အဲဒီရွာဟာ ဘုတလင်မြို့ရဲ့ အရှေ့ဘက်ခြမ်းဒေသမှာ ရှိတဲ့ ကျေးရွာပါ။

“ ၂၈ ရက်က ပဲပြစ်တော(အရှေ့) ရွာကနေ နှောရင်းရွာကို စစ်ကြောင်းထိုးတပ်စွဲခဲ့တယ်၊။ ညအချိန်ကတည်းက ပြည်သူတွေဖမ်းခံရတယ် ။ စစ်ရှောင်တဲ့ပြည်သူတွေ နေရာဒေသမတူတော့ ဘယ်နှယောက်အဖမ်းခံရတယ်ဆိုတာ အတည်ပြု မရဘူး ဖြစ်နေတယ်ဗျ။ လတ်တလော ၁၅ ယောက် ဝန်းကျင်လို့ ခန့်မှန်းရတယ်။ အရင်အပတ်က စစ်ကြောင်းထိုးတုန်းက ဖမ်းခံရတဲ့ပြည်သူတွေလည်း ပြန်မလွတ်သေးဘူး။ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ အင်းတဲရွာကိုဝင်ပြီး တပ်စွဲတယ်။ ညနေ လေးနာရီမှာ မီးစတင်ရှို့တာ မြင်ရတယ်။ နေအိမ် ဘယ်လောက်မီးလောင်ကျွမ်းတယ်ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး” လို့ ဘုတလင်မြို့နယ်က ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒေသတွင်းမှာ လွတ်လပ်စွာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ခိုက်မှု မရှိဘူးလို့လည်း ဒေသခံတချို့က ပြောပါတယ်။

ဒီလအစပိုင်းကနေ ၂၂ ရက် ဝန်းကျင်အထိ စစ်ကြောင်းထိုးတဲ့ အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့နယ်အတွင်း နေအိမ် ၅၀၀ ခန့် မီးလောင်ခဲ့ကာ ဒေသခံ ၂၀ အသတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ရှောင်အကူအညီပေးသူတချို့က ပြောပါတယ်။

ဘုတလင်မြို့ရဲ့ မြောက်ဘက်က စီပါရွာမှာဆိုရင် လူခြောက်ဦးကို သတ်ဖြတ်ခဲ့ကာ ခြေ၊ လက်၊ခေါင်း၊ ခန္ဓာကိုယ် တစ်စစီလုပ်လို့ ဝန်းထရံတွေမှာချိတ်ဆွဲပြီး အများပြည်သူကြောက်လန့်အောင် ခြောက်လှန့်ခဲ့သေးတယ်လို့ သူတို့ကဆိုပါတယ်။

အဲဒီနောက်ပိုင်း ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးကာ ဘုတလင်မြို့ကို ဝင်ရောက်နားခိုခဲ့ပြီး ဒီလ ၂၇ ရက်ကစပြီးလို့ ဘုတလင်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်ဒေသတွေက ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုး မီးရှို့နေတာလည်း ဖြစ်ပါတယ်။

သူတို့စစ်ကြောင်းထိုးနေစဉ် စစ်ကောင်စီကလည်း လေကြောင်းပစ်ကူတွေသုံးပြီး ကျေးရွာတွေကို ပစ်ခတ်တာရှိတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကုန်ခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာတော့ ဘုတလင်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကူတော်ရဲစခန်းကနေ မြို့တွင်းကို ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်တဲ့အတွက် စစ်ကြောင်းလိုက် ပြုတ်ခဲ့သေးတာပါ။

အဲဒီနောက်ပိုင်းကတည်း စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကို သတ်ဖြတ်ဖမ်းဆီးနေတာလို့ ဒေသခံတချို့က ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း ယခုထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၁၅,၀၀၀ လောက် အိုးအိမ်စွန့်စွာ ထွက်ပြေးနေကြရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ပုံစာ- စစ်ကောင်စီတပ် မီးရှို့နေတယ်ဆိုတဲ့ အင်းတဲရွာ။
ဓါတ်ပုံ- google
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."