ပုဏ္ဏားကျွန်း – ၂၀၂၄ အောက်တိုဘာ ၂၈ ( မော်ကွန်း)
ရခိုင်မှာ ဆောင်းရာသီဝင်လာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။
ရခိုင်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရတဲ့ဦးရေ ခြောက်သိန်းကျော်အထိ ရှိနေပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံအစရှိတဲ့ AA ထိန်းချုပ်နယ်မြေတွေမှာ အများဆုံးခိုလှုံနေကြပါတယ်။
စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်နေသလို ဆောင်းရာသီဝင်လာတာကြောင့် အနွေးထည်နဲ့စောင်တွေပါ မဖြစ်မနေလိုအပ်လာနေတာလို့ သူတို့ကဆိုပါတယ်။
” ကျွန်မတို့က မြေပေါ်မှာတဲထိုးပြီး တာပေါ်လင်စခင်းနေရတာပါ။ ဆောင်းဝင်စ အချိန်ဆိုတော့ မနက်ဆို မြေပေါ်က အအေးဓာတ်နဲ့စိမ့်ပြီး မအိပ်နိုင်ဘူး။ ဆောင်းတွင်းဆို ပိုဆိုးမှာ။ ပြီးတော့ သက်ကြီးပိုင်းတွေလည်းပါတော့ အအေးဒဏ်မခံနိုင်ရင် ကျန်းမာရေးတွေထိခိုက်မှာကိုလည်း စိုးရိမ်တယ်။ စောင်နဲ့အနွေးထည်တွေလည်း တစ်ထည်မှမရှိသေးဘူး” လို့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
၂၀၂၃ ၊ နိုဝင်ဘာ ၁၃ ရက်က စခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေနောက်ပိုင်း ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့တဲ့ WFP အဖွဲ့အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ဝင်ရောက်ကူညီခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းထဲက အရပ်ဖက်အဖွဲ့အစည်းတွေလည်း ဆက်သွယ်ရေးပြတ်တောက်မှုနဲ့ အလှူရှင်နည်းပါးမှုတွေကြောင့် လုပ်ငန်း မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်နေကြရတာတွေလည်း မြေပြင်မှာ ရှိနေကြပါတယ်။
ဒါ့ကြောင့် စစ်ဘေးရှောင်တွေဟာ အထောက်အပံ့ရရှိမှုတွေ အလွန်နည်းကာ ခက်ခဲကျပ်တည်းမှုတွေကို နှစ်ဆပိုပြီး ခါးစည်းခံနေကြရပါတယ်လို့ အကူအညီပေးသူတချို့ ကပြောပါတယ်။
” ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင်တွေနဲ့လည်း ချိတ်ဆက်ရတဲ့ အပိုင်းတွေလည်း အဆင်မပြေဘူး။ ဒီဘက်တွေက တောဖျားချောင်းဒေသဆိုတော့ တခြားဒေသတွေထက် ပိုအေးတယ်။ အနွေးထည်နဲ့စောင်တွေမရှိဘဲတော့ ဘယ်လိုမှခံနိုင်ကြမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း အလှူရှင်တွေနဲ့ ရအောင်ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့က စစ်ရှောင်ကူညီနေသူ လူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲအပါအဝင် ရခိုင်က မြို့ ၁၀ မြို့ကို အာရက္ခတပ်တော်AA က အပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်သလို စစ်ဘေးရှောင်အများစုမှာလည်း AAထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့လည်း ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်ကြောင်း စစ်ဘေးရှောင်တွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုကြပါတယ်။
ပုံစာ- မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က စစ်ရှောင်စခန်းတစ်ခု။
ဓါတ်ပုံ- မော်ကွန်း🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

