မန္တလေး – ၂၀၂၄ အောက်တိုဘာ ၁၄ (မော်ကွန်း)
မတ္တရာမြို့ကနေ မိုးကုတ်ကိုသွားတဲ့ ကားလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အခုရက်ပိုင်းထဲမှာ မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ရှိနေတယ်လို့ မတ္တရာမြို့နယ်က စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။
“မတ္တရာရဲ့ မြောက်ဘက်ပေါ့ မိုးကုတ်လမ်းပေါ်မှာ လေယာဉ်တွေနဲ့ ခဏခဏ လာကြဲတယ်။ အဲဒီနားမှာ ရွာလေးတွေရှိတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ့။ သစ်တောကြီးတွေလည်း ရှိတယ်။ အဲဒီကို လက်နက်ကြီးတွေလည်း ပစ်နေတာ နှစ်ရက်လောက်ရှိပြီ။ အိမ်တွေလည်း မီးရှို့ခံရတယ်ကြားတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ကလည်း မတ္တရာမှာ မန္တလေး PDF တပ်တွေ အရင်က သိမ်းထားတဲ့ စစ်စခန်းတွေကို စစ်ကောင်စီတပ်က ပြန်ရဖို့အတွက် မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ် တိုက်ပွဲတွေရှိနေတယ်လို့လည်း မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ခိုက်နေပေမယ့် မန္တလေး PDF တပ်တွေဟာ သိမ်းထားတဲ့ စခန်းတွေကို အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် အခုလ ၁၁ ရက်နေ့လယ်ပိုင်းကလည်း မတ္တရာမြို့နယ် ဝေါစုကျေးရွာက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သား ၁၂ ဦးခန့် သေဆုံးသွားတယ်လို့လည်း MDY-PDF က ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့ ဒေသခံတစ်ဦးကတော့ မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး မြို့အဝင်အထွက်တွေကိုလည်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။
“မတ္တရာမြို့ပေါ်ကတော့ ပုံမှန်အတိုင်းပဲ၊ သွားသွားလာလာပဲ။ အဲဒီ မိုးကုတ်ဘက် တက်တဲ့လမ်းကိုတော့ သေချာပိတ်ပြီးစစ်တယ်။ စစ်ဆေးရေးဂိတ်တွေ၊ ကင်းတွေအများကြီးချထားတယ်” လို့ ၎င်းက ပြောပါတယ်။
အခုနှစ် ဇူလိုင်လပိုင်းက မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး စဉ့်ကူး၊ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ၊ ရဲစခန်းတွေ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
မတ္တရာမြို့ရဲ့ အထက်ပိုင်းမှာရှိတဲ့ မိုးကုတ်မြို့ဟာလည်း TNLA တပ်တွေ ဒီနေ့ထိ သိမ်းယူထားနိုင်ပြီး မိုးကုတ်၊ မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။
ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ
ဓာတ်ပုံ – Mdy -PDF
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

