ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၅ (မော်ကွန်း)
ကချင်အထူးဒေသ(၁)က ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါမြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ် ဒီလပိုင်းမှာ ရောက်ရှိလာပြီးနောက် အဲဒီဒေသမှာထုတ်လုပ်နေတဲ့ မြေရှားသတ္တုထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားရပြီး ဝန်ထမ်းတွေလည်း တရုတ်နယ်စပ်က ပန်ဝါမြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အကုန်ပန်ဝါဘက် ပြေးလာကြတာ။ လောလောဆယ်တော့ ဆေးရုံတို့၊ ဘုရားကျောင်းတို့မှာ ခိုလှုံတဲ့သူရှိတယ်။ ဟိုဘက် (တရုတ်နိုင်ငံ) ကို ကူးသွားတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ သတ္တုထုတ်လုပ်ရေးစက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားစောင့်တပ်စခန်းအနီးနားကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ ပန်ဝါမြို့ပေါ်ကို ထွက်ပြေးလာကြပြီး တချို့ကလည်း တရုတ်နိုင်ငံဘက်ကို ထွက်ပြေးနေတာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီဒေသတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြေရှားသတ္တုထုတ်လုပ်မှုတွေဟာ ပိုပြီးများလာကာ မြေရှားသတ္တုလုပ်ကွက်ပေါင်း ၃၀၀ ကျော်ရှိနေတယ်လို့ ဒီနှစ် မေလပိုင်းကထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှုနှုန်းဟာ နှစ်ဆကျော်မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
အာဏာမသိမ်းမီက နှစ်စဉ် မြေရှားသတ္တုတန်ချိန် တစ်သောင်းကိုးထောင်ကျော် တင်ပို့နေရာက အာဏာသိမ်းပြီးနောက်ပိုင်းမှာ နှစ်စဉ် တန်ချိန်လေးသောင်းကျော် တင်ပို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်သာဝေးတော့တဲ့ နယ်ခြားစောင့်တပ်စခန်း(၁၀၀၂) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ မဟာမိတ်တွေက မနေ့ကညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးကလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပန်ဝါဒေသ၊ လောက်ပြေကျေးရွာအနီးမှာရှိတဲ့ အဲဒီနယ်ခြားစောင့်တပ်စခန်းဟာ အထူးဒေသ(၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့တပ်စခန်းဖြစ်ပြီး ပန်ဝါမြို့စောင့်တပ်စခန်းတစ်ခု ဖြစ်ပါတယ်။
KIA နဲ့ မဟာမိတ်တပ်တွေဟာ စက်တင်ဘာလကုန်ပိုင်းနဲ့ ဒီလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်၊ အရှေ့မြောက်ပိုင်းက ချီဖွေနဲ့ ဆော့လော်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး မြေရှားသတ္ထုထုတ်လုပ်ပြီး တရုတ်ဘက်ကိုပို့နေတဲ့ အဓိကမြို့ဖြစ်တဲ့ ပန်ဝါမြို့ကို ထိုးစစ်ဆင်လာတာပါ။
အဲဒီအထူးဒေသ(၁) ထဲမှာ ပန်ဝါဗျူဟာကုန်း၊ စစ်ကောင်စီရဲ့ ခလရ – ၂၉ တပ်ရင်း၊ နယ်ခြားစောင့်တပ် (၁၀၀၁) နဲ့ (၁၀၀၃)တပ်ရင်းတွေအပြင် ပြည်သူ့စစ်စခန်းတချို့ ကျန်ရှိနေပါသေးတယ်။
ကချင်အထူးဒေသ (၁) ရဲ့ အာဏာပိုင်တစ်ဦးဖြစ်တဲ့ ဦးဇခုန်တိန့်ယိမ်းဟာပန်ဝါဒေသမှာ အခြေစိုက်လှုပ်ရှားခဲ့ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲကာ ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ကို ထူထောင်ခဲ့သူဖြစ်သလို အရင်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီက တပ်မှူးတစ်ဦးပါ။
ဒါ့အပြင် ဦဇခုန်တိန့်ယိမ်းဟာ ကချင်ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် ၂၀၁၀ က ဝင်အရွေးခံခဲ့သူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ဒေသတွင်းပြည်သူ့စစ်တွေကို ပြန်ပြီး ဖွဲ့စည်းကာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒီဒေသကို ကာကွယ်ထိန်းချုပ်ထားတာပါ။
စစ်ကောင်စီနဲ့ပေါင်းပြီး KIA ကိုတိုက်ခိုက်ဖို့ သူကပြည်သူ့စစ်တွေကို စစ်မိန့်ထုတ်ခဲ့သလို အဲဒီအမိန့်ကို KIA ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ရဲ့ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က မထုတ်သင့်တဲ့စစ်မိန့်လို့ ဝေဖန်ဖူးပါတယ်။
KIA ဟာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကစပြီး စတင်ခဲ့တဲ့ ထိုးစစ်အတွင်းမှာ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ မိုးမောက်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီး မြို့တွေကို သိမ်းယူထားပါတယ်။
ပုံစာ – မြေရှားသတ္တုလုပ်ကွက်တစ်ခုရဲ့မြင်ကွင်း
ဓာတ်ပုံ – Global Witness
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
@mawkunmagazine #Chronicle #dailynews

