ကျောက်တော်- ၂၀၂၄ အောက်တိုဘာ ၁၁ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့ကို စစ်ကောင်စီက မနေ့ကညနေ လေးနာရီခွဲခန့်မှာ လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် အရပ်သားခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီကြဲချတဲ့ဗုံးတွေဟာ ကျောက်တော်မြို့မဈေးအနီးနဲ့ အ.ထ.က(၂)ကျောင်း အနီးတွေကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
” အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ဗုံးသီးက လမ်းမပေါ်နဲ့ အိမ်တွေကို ကျတာဆိုတော့ လမ်းမှာသွားလာနေတဲ့လူတွေရော၊ အိမ်ထဲမှာရှိနေတဲ့လူတွေရော အစုလိုက်အပြုံလိုက် ကပ်ပါသွားတာ” လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်ရွာနဲ့ မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့တို့ကိုလည်း မနေ့တုန်းက စစ်ကောင်စီ ဟာ ဗုံးကြဲခဲ့ပေမယ့် ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပါဘူး။
ဒီလ ၇ ရက်ကလည်း တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်ကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက် ခဲ့တဲ့အတွက် တစ်ရက်တည်းမှာပဲ အရပ်သား ၁၇ ဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရပ်ဘက်နဲ့စစ်ဘက်မခွဲခြားဘဲ ဝေဟင်ကနေဗုံးကြဲနေတာကြောင့် အာရက္ခပြည်သူ့အစိုးရအဖွဲ့(ULA)ကလည်း လူစုလူဝေးလှုပ်ရှားသွားလာမှုတွေမလုပ်ကြဖို့၊ ဘာသာရေးဆိုင်ရာ အခါကြီးရက်ကြီးတွေမှာတောင် မစုဝေးကြဖို့ သူထိန်းချုပ်ရာ လွတ်မြောက်နယ်မြေတွေမှာ ဒီလ ၈ ရက်ကစပြီး သတိပေးကြေညာနေပါတယ်။
” ဟိုတနေ့က မြို့ထဲမှာ သတိပေးကြေညာထားတော့ အစစအရာရာ သတိထားပြီး နေတာပဲ။ ဒါပေမဲ့ စစ်ကောင်စီကိုယ်တိုင်က လူနေအိမ်တွေကိုပဲ တမင်လာပစ်နေတာကတော့ ဘယ်လိုမှမတတ်နိုင်ဘူး။ ဒီနေ့ဆိုလည်း လေယာဉ်လာသံ ကြားလိုက်ရုံပဲရှိသေး ဗုံးချသွားပြီ။ ကျွန်မတို့နေတဲ့ အိမ်နဲ့နီးနီးလေးဆိုတော့ အရမ်းကြောက်သွားတာပေါ့။ ဒူးတွေတုန်ပြီး ထလို့မရ ဖြစ်သွားတယ်” လို့ ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရခိုင်မှာ အရပ်သား ၂၉ ဦးသေဆုံးပြီး ၂၉ ဦးထိခိုက် ဒဏ်ရာရရှိထားသလို ဩဂုတ်လအစပိုင်းကနေ ဒီနေ့အထိဆိုရင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေ့စဉ် အရပ်သားပျမ်းမျှ သုံးဦး သေဆုံးနေရတာကို မော်ကွန်းရဲ့ သီးခြားစာရင်းအရ တွေ့ရပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)ကို အကြီးအကျယ်စစ်ရှုံးနေတာဖြစ်ပြီး မြို့နယ်ပေါင် ၁၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်မှာ ခြောက်မြို့နယ်မှာပဲ စစ်ကောင်စီခြေချနိုင်တော့တဲ့အခြေအနေပါ။ အဲဒီခြေချနိုင်တဲ့မြို့နယ်တွေမှာလည်း မြို့ပေါ်မှာသာ ခံစစ်ပြင်ပြီး ပုန်းနေရတဲ့အခြေအနေလို့ ဒေသခံတွေက ပြောကြပါတယ်။
AA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဟာ သူတို့ အမြှောက်တစ်ကမ်းအကွာအထိရောက်နေပြီလို့လည်း ဆိုထားပါတယ်။

ပုံစာ- ဗုံးကြဲခံရတဲ့ကျောက်တော်မြို့မြင်ကွင်းနဲ့ ဒဏ်ရာရရှိသူတစ်ဦးကို ကယ်ထုတ်လာကြစဉ်။
ဓါတ်ပုံ- ABN
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


