ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း)
စစ်ကောင်စီလူကြီးလမ်းကြောင်းရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်-ဒလ ကူးတို့လှေတွေကို မြစ်တွင်းဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် အဆိုပါလှေမောင်းနှင်သူတွေနဲ့ မြို့တွင်းကူးအလုပ်လုပ်ကြရသူတွေ အခက်ကြုံခဲ့ကြရတယ်လို့ ဒလမြို့ခံ တချို့က ပြောပါတယ်။
“ မနက်ကတည်းက ပိတ်ပစ်လိုက်တာ။ ဘယ်အချိန်ပြန်ဖွင့်ပေးမယ်ဆိုတာ မသိရသေးဘူး။ ကြားတာကတော့ ညနေ ၃ နာရီ နောက်ပိုင်းမှ ပြန်ဖွင့်မယ်လို့ပြောတယ်”လို့ စဉ့်အိုးတန်းဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
ဒီလို ကူးတို့စက်လှေတွေကို ပိတ်လိုက်တဲ့အတွက် ဒီလှေတွေကို အသုံးပြု ကူးသန်းနေကြရတဲ့ ဒလမြို့ခံတွေဟာ ပန်းဆိုးတန်- ဒလ ကူတို့ဆိပ်အထိလာပြီး ချယ်ရီကူးတို့သင်္ဘောကို အသုံးပြုရတာကြောင့် ငွေကြေးပိုကုန်ကျသွားသလို အလုပ်ချိန် လေးဖင့်မှုတွေ ရင်ဆိုင်ခဲ့ရတယ်လို့ တချို့ကဆိုပါတယ်။
“ သူ့ဘာသာလူကြီးလာတာ လာပေါ့၊ ဘာလို့ လှေတွေပိတ်ပစ်လိုက်သလဲ မသိဘူး။ အခု သင်္ဘောဆိပ်ထိ လာရတဲ့အတွက် ကယ်ရီခနှစ်ထောင် ထပ်ကုန်သွားပြီ။ ရပ်ကွက်ထဲမှာလည်း သေနတ်ကြီးတွေထမ်းပြီး အင်အားပြနေကြတယ်။ စောက်ရူးတွေ” လို့ စက်မြေရပ်ကွက်မှာ နေထိုင်ပြီး မြို့ထဲကို အလုပ်ဆင်းနေရသူတစ်ဦးက ဒီမနက်ပြောပါတယ်။
ဒီနေ့လယ်ပိုင်းအထိ ကူးတို့စက်လှေတွေကို မြစ်အတွင်းမောင်းနှင်ခွင့် ပြန်မပေးသေးဘူးလို့ စဉ့်အိုးတန်းဆိပ်ကမ်းက လှေမောင်း သူတစ်ဦးကလည်း ပြောပါတယ်။
“ ဒီနေ့ကတော့ ဝင်ငွေထိခိုက်ပြီ။ အုံနာကြေးတောင်ရမယ်မထင်ဘူး။ မနက်ကတည်းက ခဏပဲ မောင်းရပြီး ရပ်ထားရတာ။ ညနေပိုင်းတော့ ပြန်ဖွင့်ပေးမယ်ပြောတယ်။ ဘာကောင်လာမှာမို့ အခုလို ပိတ်သလဲတော့ မသိပါဘူး။ သူတို့ပိတ်ဆို ပိတ်ရတာပဲလေ။ သေနတ်တွေနဲ့ဟာ” လို့ အထက်ပါ စက်လှေမောင်းသူက ပြောပါတယ်။
ရန်ကုန်ဘက်ကနေ ဒလဘက်ခြမ်းကို ကူးသန်းတဲ့ စက်လှေဂိတ်အားလုံးကို စစ်ကောင်စီက ပိတ်ပစ်လိုက်တာဖြစ်ပြီး ပြည်တွင်းရေကြောင်းကပြေးဆွဲတဲ့ ချယ်ရီသင်္ဘောကူးတို့ဂိတ်တစ်ခုကိုသာ ဒီနေ့ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
ပုံစာ- လှေမထွက်ရလို့ ရပ်ထားကြတဲ့ စက်လှေတချို့ ဒလသင်္ဘောဆိပ်မှာ ဒီနေ့တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


