ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ-ဂွ ကားလမ်းပေါ်မှာရှိတဲ့ ကျိန္တလီချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲလိုက်တာကြောင့် ဒေသတွင်းခရီးသွားလာရေး အခက်အခဲ ကြုံတွေ့နေတယ်လို့ သံတွဲနဲ့ ဂွဒေသခံတချို့က ပြောပါတယ်။
ဒီလို တံတားကျိုးကျသွားတာကြောင့် သံတွဲဘက်က စစ်ဘေးရှောင်တွေဆင်းလာဖို့ ခက်ခဲသွားပြီး အများအပြားပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“သံတွဲဘက်ကလူတွေတော့ ဆင်းလာရတာခက်သွားပြီပေါ့။ အရင်က စားသောက်ကုန်တွေ၊ သယ်ယူတာတွေလည်း ဒီလမ်းပဲသုံးနေတာပါ။ အဲဒီဘက်မှာ ပိတ်မိနေတဲ့သူတွေ အများကြီးရှိတယ်” လို့ သံတွဲကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကစပြီး သံတွဲနဲ့ ဂွမြို့ကြားမှာရှိတဲ့ ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မြေပြင်မှာစစ်ရေးအရရှုံးနေတဲ့ စစ်ကောင်စီဟာ ကျိန္တလီချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ကုလားပြင်တံတားကို မနေ့က မနက်အစောပိုင်းမှာ တံတားအလယ်ကနေ ဖောက်ခွဲဖျက်ဆီးပြီး စစ်ကောင်စီတပ်တွေဟာ ဂွဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ AA အနေနဲ့ ကုလားပြင်တံတားထိပ်က ကိုင်းခုန်နဲ့ ကံကော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အခုလ ၆ ရက်မှာ သိမ်းပိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ အခုလို ဆုတ်ခွာသွားတာလို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီဖောက်ခွဲလိုက်တဲ့ တံတားဟာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လထဲက တပ်စွဲထားတဲ့ တံတားဖြစ်ပြီး သံတွဲဘက်ကစစ်ဘေးရှောင်တွေ ဒေသခံတွေ အသုံးပြုနေတာလို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် လက်ရှိ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ သံတွဲမြို့မှာလည်း အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးပြတ်လပ်နေပြီး တံတားချိုးလိုက်တာကြောင့် ဒေသတွင်းမှာ သွားလာရေးတွေ ပိုပြီးခက်ခဲသွားပြီလို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
” AA ကဝင်သိမ်းတဲ့အချိန်မှာ တချို့ စစ်ကောင်စီတပ်သားတွေက ကစဥ့်ကလျားထွက်ပြေးကြတယ်။ အဲ့ဒီလိုထွက်ပြေးကြတဲ့အချိန်မှာ AA ဘက်က လိုက်မလာနိုင်အောင်လို့ တံတားကိုမိုင်းခွဲပြီး ဖျက်ဆီးသွားတာပါ။ တံတားကတော့ နှစ်ပိုင်း ပိုင်းထွက်သွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော် AA ကို စစ်ရှုံးပြီး မြို့တွေကိုလက်လွှတ်နေရတဲ့စစ်ကောင်စီဟာ ပြည်သူတွေသွားလာနေတဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးမှုတွေ မကြာခဏဆိုသလို ပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကာလမှာ စစ်တွေ၊ တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ ဂွနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့တဲ့ တံတားပေါင်း ၂၀ ကျော်ထိ ရှိခဲ့တာပါ။
ရခိုင်တောင်ပိုင်းက ကမ္ဘာကျော် ငပလီကမ်းခြေနဲ့ လေဆိပ်ရှိတဲ့ သံတွဲမြိုနယ်ကို အခုနှစ် ဇွန်လပိုင်းမှာ အာရက္ခတပ်တော် (AA) က သိမ်းလိုက်ပြီး AA ရဲ့ ထိုးစစ်ဟာ ဂွမြို့ထိ ဆက်ရောက်လာတာပါ။
အခုရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ဂွမြို့ကို အာရက္ခတပ်တော် (AA) ထိုးစစ်ရောက်လာပြီးနောက် ဂွမြို့ကဒေသခံတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေးရှောင်နေကြခဲ့ရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွ မြို့နယ်တွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။
ပုံစာ -မိုင်းခွဲခံရပြီး အလယ်က ကျိုးသွားတဲ့ ကျိန္တလီချောင်းကူးတံတားရဲ့ ဝေဟင်မြင်ကွင်း
ဓာတ်ပုံ – AA Info Desk
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


