တောင်ကုတ် – ၂၀၂၄ အောက်တိုဘာ ၅ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို စစ်ကောင်စီက မနေ့က တစ်ရက်တည်းမှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားစုစုပေါင်း ငါးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက မနေ့က မနက်၂:၀၀ နာရီမှာ တစ်ကြိမ်၊ ညနေ သုံးနာရီခွဲဝန်းကျင်မှာတစ်ကြိမ် လာကြဲခဲ့တဲ့အတွက် အခုလို ထိခိုက်သေဆုံးသူ ၂၀ ကျော်ထိရှိခဲ့တာဖြစ်ပါတယ်။
” မနက်ပိုင်း လာပစ်တုန်းက လေးယောက်သေပြီး ငါးယောက် ဒဏ်ရာရလို့ တစ်ရွာလုံး ကြောက်လန့်ပူဆွေးနေတုန်းပဲ ရှိသေးတယ်။ ညနေပိုင်း ထပ်လာပစ်တယ်။ ကလေးတစ်ဦး သေပြီးတော့ ၁၂ ယောက်ဒဏ်ရာထပ်ရတယ်။ သေဆုံးသူတွေကိုတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ချိန် မရခဲ့ဘူး။ တစ်ရွာလုံး ထွက်ပြေးလာရတယ်” လို့ ကင်းတောင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိတွင် ကင်းတောင်ကျေးရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေဆီမှာ ထွက်ပြေးတိမ်းရှောင်နေရသလို ဒဏ်ရာရရှိသူတွေကိုလည်း လုံခြုံတဲ့နေရာတခုမှာ ဆေးကုသမှုပေးထားတယ်လို့လည်း သိရပါတယ်။
” ပြည်သူတွေကို ရက်ရက်စက်စက်သတ်နေတာ။ လူစိတ် တစ်စက်ကလေးမှ မရှိကြတော့ဘူး။ အသက်တစ်ချောင်းရှင်ကျန်ဖို့အတွက်နဲ့ ပြေးရလွှားရနဲ့ ဘာမှတောင် မပါလာဘူး။ လောလောဆယ်တော့ အသိမိတ်ဆွေ တစ်
ယောက်ဆီမှာပဲ ယာယီခိုလှုံနေပါတယ်။ ရွာပြန်လို့ရမဲ့အချိန် တစ်ခုထိတော့ ရှောင်နေရမှာပေါ့။ မတတ်နိုင်ဘူးလေ” လို့ ကင်းတောင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
တောင်ကုတ်- မအီကားလမ်းဘေးမှာတည်ရှိတဲ့ ကင်းတောင်ရွာဟာ အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ စံပြကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ယခု (အောက်တိုဘာလ ) ပထမအပတ်အတွင်း သေဆုံးသူခြောက်ဦးနဲ့ ဒဏ်ရာရရှိသူ ၁၈ ဦးထိ ရှိနေပါတယ်။
ပုံစာ- ဗုံးကြဲခံရတဲ့ကင်းတောင်စံပြကျေးရွာ။
ဓါတ်ပုံ- Google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
@mawkunmagazine #Chronicle #Dailynews


