မြေပုံ- ၂၀၂၄ စက်တင်ဘာ ၂၅ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက မနေ့ကညနေ ၄ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ငါးဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” သေဆုံးတာက မိန်းကလေးတစ်ယောက်နဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးပါ။ ဒဏ်ရာရတာကတော့ ကလေးတွေအပါအဝင် ငါးယောက်ပါ။ လူနာအခြေနေတွေက ခြေဖြတ်ရမယ့် အခြေနေတွေရှိနေကြတယ်။ ဂျက်ဖိုက်တာနဲ့ ၁၀ လုံးထက် မနည်းပစ်သွားတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးကြဲမှုကြောင့် ဆေးရုံဟောင်းခြံဝန်း၊ ဘုန်းကြီးကျောင်း၊ ရွာသာယာရပ်ကွက်နဲ့ ရဲစခန်းတဝိုက်မှာ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဗုံးကြဲခံရပြီးနောက် မြို့ခံတွေဟာလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ သူတို့က ပြောပါတယ်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကမ်းထောင်းကြီးမြို့ ကို အခုလိုဗုံးမကြဲမီ မနက်အစောပိုင်းတုန်းကလည်း AA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မအီမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါသေးတယ်။
ဒါအပြင် ဒေသအများအပြားကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေက အရပ်သားတွေနေထိုင်ရာ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေပါတယ်။
ပဋိပက္ခစောင့်ကြည့်လေ့လာတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာအရ ဒီနှစ်ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ်ပြုလုပ်ခဲ့ရာမှာ အရပ်သား ၃၅၉ ဦး သေခဲ့ကာ၊ ၇၅၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
ပုံစာ- ကမ်းထောင်းကြီးမြို့ကို ဝေဟင်မှတွေ့ရစဉ်
ဓါတ်ပုံ- Google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


