ဘုတလင် – ၂၀၂၄ စက်တင်ဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်ကောင်စီတပ်က အခုလ ၂၂ ရက်မှာ စီးနင်းပြီး ရွာကိုမီးရှို့ကာ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ပ.က.ဖ အဖွဲ့ဝင်နှစ်ဦးကို သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဘုတလင်နယ် ကူတော်ရွာ ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောအင်အား ၁၀၀ လောက်ဟာ အခုလ ၂၂ရက် ညနေပိုင်းနဲ့ ညပိုင်းက တစ်ရက်တည်း ရွာကို နှစ်ကြိမ်စီးနင်းပြီး လူတွေကိုပါ သတ်သွားတာလို့ ဒေသခံကပြောပါတယ်။
“ညနေ ၅း၀၀ နာရီလောက် ၀င်တာ၊ သေနတ်တွေ ရမ်းပစ်ပြီး ၀င်တာ၊ အိမ်တွေလည်း မီးရှို့တယ်၊ ၂၀လောက် ပါသွားတယ်၊ နွားတစ်ကောင် ဆွဲသွားတယ်၊ သူတို့က အဲဒီလိုပဲစစ်ကြောင်းထိုးရင် သူတို့အတွက် ရိက္ခာရအောင် လုပ်နေကျပဲ”လို့ ဒေသတွင်း ရပ်ကျေးပအဖအဖွဲဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
စစ်အုပ်စုဟာ ကတိုးရွာထဲက တန်ဖိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ သူကပြောပါတယ်။
မနေ့ နံနက်အစောပိုင်းမှာတော့ ယူထားတဲ့ပြည်သူပိုင်ပစ္စည်းတွေနဲ့အတူ ရွာကနေ ပြန်လည် ထွက်ခွာသွားပြီး နောက်တစ်ကြိမ် ထပ်မံ ပြန်လည်ဝင်ရောက်လာကာ ဒေသခံ သုံးဦးကို ဖမ်းဆီးသတ်ဖြတ်တာလို့ ဘုတလင်မြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ကတိုးကို ညအိပ်ပြီး မနက်ကျ ပြန်ထွက်တယ်၊ ဒါပေမဲ့ ဘာမေ့ခဲ့လို့လဲ မသိဘူး၊ ၁၀၀ လောက်ထဲက ၇၀ လောက်က ရွာထဲ ပြန်၀င်လာတာ၊ သူတို့(အာဏာသိမ်းစစ်ကောင်စီ) ထွက်သွားပြီ ဆိုပြီး ရွာထဲ၀င်သွားတဲ့ အထဲက အသက် ၇၀ အဘိုးကြီးနဲ့ ရပ်ကျေးပ.က.ဖ နှစ်ယောက်၊ ပေါင်း သုံးယောက်ကို ပစ်သတ်သွားတာ”လို့ ဘုတလင်မြို့နယ် ပ.က.ဖ အဖွဲ့၀င် တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၁၉ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ရောက်လာတဲ့ စစ်ကူတွေဟာ လမ်းတလျှောက်ရွာတွေကို ဖျက်ဆီး၊ ခိုးယူတာတွေနဲ့ လူသတ်တာတွေပြုလုပ်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလ၂၀ရက်ကလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ကူတော်ရဲစခန်းဘက် သွားတဲ့ စစ်ကူအဖွဲ့ဟာ ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာကို စီးနင်းကာ ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့သလို ကျေးရွာအတွင်း နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ဘုရားရွှေသင်္ကန်းငွေ ကျပ် ၁၀သိန်းကိုပါ ယူသွားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့ကနောက်ဆုံးထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားရတဲ့ပြည်သူဟာ အနည်းဆုံး ၅,၇၀၀ ကျော်ရှိလာနေပါတယ်။

ပုံစာ – ဘုတလင်နယ် ကျွဲသေချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်တွေ ဖောက်ထွင်းခိုးယူခဲ့ပုံ
ဓါတ်ပုံ – ပေးပို့
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


