ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း)
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ ဆက်လက်မြင့်တက်လာပြီး မြို့ပေါ်ထိ ရေတွေဆက်လက်မြင့်တက်လာတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
လွိုင်ကော်မှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အခုလ ၁၆ ရက်ကစပြီး မြို့ပေါ်ရပ်ကွက်တွေထိ ရေစတင်ဝင်ရောက်ခဲ့ပြီး ဒီနေ့ထိ ရေပြန်မကျသေးတဲ့အပြင် ချောင်းရေက ပိုပြီးမြင့်တက်လာနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လေရောမိုးရော ဆက်တိုက်ထပ်ရွာတယ်။ မြို့ပေါ်မှာဆိုရင် ခါးလောက်၊ ရင်လောက်တက်လာတယ်။ အရင်ရက်က တက်တဲ့နေရာတွေဆိုရင် အိမ်ခေါင်မိုးပါမြုပ်သွားပြီ” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့က ရွှေတောင်၊ မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း၊ မင်းစု၊ ရှမ်းပိုင်း၊ ဒေါနိူးကူး၊ နမ့်ကွတ်နဲ့ တောင်ဈေး အစရှိတဲ့ ရပ်ကွက်တွေဟာ ဒီနေ့မှာ ရေနစ်မြုပ်နေတာကြောင့် နေထိုင်သူတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတာပါ။
“အရင်ရက်က ရေမတက်တဲ့နေရာတွေပါ ထပ်တက်လာတာ။ အရင်က ရွှေ့လာတဲ့ တချို့တောင် နောက်နေရာတွေ ထပ်ရွှေ့နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေကြီးရေလျှံနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသကနေစီးဝင်လာတဲ့ ဘီလူးချောင်းဟာ ကရင်နီဒေသထဲကို စီးဝင်တာကြောင့် လွိုင်ကော်မှာ ရေကြီးနစ်မြုပ်မှုတွေ ဆက်ဖြစ်လာတာလို့ ဒေသခံတချို့ကပြောပါတယ်။
“အင်းလေးကန်ရဲ့ ရေထွက်ပေါက်က ဘီလူးချောင်းပဲရှိတာဆိုတော့ အင်းထဲကရေတွေ ဒီထဲတောက်လျှောက် ပြန်ကျလာတာ။ ဒီဘက်မှာ မြို့ပေါ် ရပ်ကွက်အနိမ့်ပိုင်းတွေက အကုန်လုံး တဖြည်းဖြည်းနဲ့ ရေမြုပ်လာနေတယ်။ ရေပြန်ကျဖို့လည်း အချိန်တစ်ခုတော့ စောင့်ရမယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်နီဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ အခုလို ရေဘေးကြောင့် ဒေသခံတွေအတွက် ပိုပြီးခက်ခဲလာစေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကရင်နီဒေသက လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူးဆိုနဲ့ ရှားတော မြို့တွေမှာ အခုရက်ပိုင်းအတွင်း ရေကြီးရေလျှံခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေတဲ့ ကရင်နီဒေသမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတချို့လည်း ရေကြီးလွှမ်းမိုးခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတာပါ။
အခုရက်ပိုင်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ကရင်နီဒေသမှာလူဦးရေ သုံးသောင်းနီးပါး ရေဘေးသင့်ခဲ့ပြီး လူဦးရေ ခြောက်ထောင်နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရကာ သေဆုံးသူ ၂၄ ဦးထိရှိခဲ့တယ်လို့ ကရင်နီကြားကာလကောင်စီ (IEC) က ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် ရေကြီးနစ်မြုပ်မှုတွေကြောင့် စစ်ဘေးရှောင်စခန်း ၁၂ ခုမှာ ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီလက်အောက်ခံ ကယားပြည်နယ်အစိုးရတော့ လွိုင်ကော်မြို့နယ်က ဘာသာရေးအဆောက်အဦတွေနဲ့ အမြင့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခုကို ဖွင့်လှစ်ထားပြီး ရေဘေးရှောင်တစ်ထောင်ကျော် ရှိတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။

ပုံစာ – လွိုင်ကော်မြို့ထဲ ရေတက်လာတဲ့မြင်ကွင်း
ဓာတ်ပုံ – Nay Zar
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

