တောင်ကြီး – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာရေကြီးတာကြောင့် အိမ်ခြေပေါင်း သုံးထောင်ကျော်ပျက်စီးသွားပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံပရဟိတအဖွဲ့တချို့က ပြောပါတယ်။
အခုလ ၁၂ ရက်မှာ အင်းလေးကန်ထဲ မကြုံစဖူး ရုတ်တရတ်ရေကြီးခဲ့ကာ အင်းလေးဒေသက ကျေးရွာပေါင်း ၄၀၀ ကျော်ရှိတဲ့အထဲက ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့တာပါ။
အဲဒီ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကာ နေအိမ်တွေလည်း အများအပြားပျက်စီးခဲ့တာပါ။
ရေဘေးရှောင်သောင်းနဲ့ချီအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ အင်းလေးဒေသမှာကူညီနေတဲ့ ရောင်နီဦး ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အင်းသားတွေနဲ့ ဒေသခံတိုင်းရင်းသား ခုနစ်သောင်းနီးပါးနေထိုင်တဲ့ အင်းလေးကန်တစ်ခုလုံး ဒီနေ့ထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ဝါးနဲ့ဆောက်ထားတဲ့ နေအိမ်သုံးထောင်ကျော်ဟာ လုံးဝပျက်စီးသွားတယ်လို့ ၎င်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပြပါတယ်။
“ရေက နှစ်လက်မလောက်ပဲပြန်ကျသေးတောာ့ အကူအညီတွေလိုအပ်နေသေးတယ်။ အဓိကတော့ သောက်ရေရယ်၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ အကုန်လုံးက ရေမြုပ်နေတယ်။ ရေသန့်စက်ရုံတွေပါ ရေမြုပ်နေတယ်။ ရေသန့်၊ စားနပ်ရိက္ခာနဲ့ မီးသွေးတွေလိုတယ်။ ညောင်ရွှေမှာလည်း ရေသန့်စက်ရုံတွေပိတ်ထားတော့ တောင်ကြီးဘက်ကနေ သွားသယ်ရတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ အင်းလေးဒေသက ရေဘေးရှောင်သောင်းနဲ့ချီကို ရေလွတ်ရာကုန်းမြေတွေနဲ့ အိမ်အမြင့်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ်လို့ဆိုပါတယ်။
အင်းလေးကန်က ဒေသခံတွေဟာ ရေဘေးလွတ်ရာရာကို ကိုယ်လွတ်ရုန်းထွက်လာရတာကြောင့် နေအိမ်တွေ၊ စက်လှေတွေ၊ စိုက်ခင်းတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးရေနစ်မြုပ်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့ ရုန်းကန်ရအုံးမယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်တွေပါသွားတာရှိတယ်။ စက်လှေတွေ ပစ္စည်းတွေ အကုန်လုံးပါသွားတော့ လူတွေပဲ ကိုယ်လွတ်ရုန်းပြီး ထွက်လာရတယ်။ ဘာမှ မသယ်ထုတ်နိုင်ဘူး။ အခက်အခဲကတော့ ငွေသားတွေ၊ အကူအညီတွေ အများကြီးလိုနေတယ်။ ထပ်ကူပေးဖို့ ပြင်ပအလှူရှင်တွေလည်း ရှာနေပါတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်တစ်ခုလုံးမှာ မနေ့ကထိ ရေကြီးမှုကြောင့် ရေထဲမျောပါသေဆုံးသူ ခြောက်ဦးထိ ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းမီဒီယာတချို့ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အင်းလေးဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး အင်းလေးကန်ထဲကို တောင်ကျရေတွေ အဆက်မပြတ် စီးဝင်ပြီး နေအိမ်တွေ နစ်မြုပ်ခဲ့တာပါ။
ရေကြီးမှုကြောင့် အိမ်ခြေပေါင်း နှစ်သောင်းကျော်ထိ ရေဝင်ရောက်ခဲ့ကာ ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြတာပါ။
ရှမ်းပြည်နယ်တောင်ပိုင်းမြိုတွေမှာ အခုလ ၁၀ ရက်ကစပြီး အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် ကလော၊ တောင်ကြီး၊ အောင်ပန်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်နဲ့ ရွာငံ အစရှိတဲ့မြိုတွေက မြိုပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေဘေးသင့်ခဲ့ပါတယ်။

ပုံစာ – ဒီနေ့ထိ စိုးရိမ်ရေမှတ်မှာရှိနေသေးတဲ့ အင်းလေးဒေသမြင်ကွင်း
ဓာတ်ပုံ – YHHT, THA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

