စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ တောင်ကုတ်ဒေသခံ ၁၀ ဦး တစ်လနီးပါးကြာသည်ထိ သတင်းအစအနပျောက်နေ

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ တောင်ကုတ်ဒေသခံ ၁၀ ဦး တစ်လနီးပါးကြာသည်ထိ သတင်းအစအနပျောက်နေ

တောင်ကုတ်- ၂၀၂၄ စက်တင်ဘာ ၁၆( မော်ကွန်း)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စစ်ကောင်စီကမတရားဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးမှာ တစ်လနီးပါးကြာသည်အထိ သတင်းအစအနမရရှိသေးကြောင်း ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က တောင်ကုတ်မြို့ဝင်ရှိ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်အနောက်ဘက် တောလမ်းမှာ ဆန်အိတ်အငှါးထမ်းနေစဉ် ဖမ်းဆီးခံလိုက်ရတဲ့ စေတီကွင်းရွာသား သုံးဦးမှာ ဖမ်းဆီးခံရပြီးကတည်းက သတင်းအစအန မကြားရသေးဘူးလို့ တောင်ကုတ်မြိုခံတစ်ဦးကပြောပါတယ်။

” ဆန်အိတ်အဖမ်းခံရတဲ့နေ့ကတော့ စစ်ဆေးရေးဂိတ်မှာပဲ ကြိုးတုပ်ပြီးချည်ထားတယ်လို့ အနီးအနားမှာရှိတဲ့ မျက်မြင်တွေကပြောတယ်။ အဲ့ဒီနောက်ပိုင်း ဘယ်ကိုဖမ်းခေါ်သွားသလဲဆိုတာ မသိရဘူး။ မိသားစုတွေက သူတို့ကိုယ်တိုင်လာဖို့အဆင်မပြေတော့ စုံစမ်းပေးဖို့ဖုန်းဆက်ပြီး အကူညီတောင်းလာတယ်။ ကျွန်တော်တို့လည်း ရဲစခန်းနားသွားပြီး ဘာသတင်းတွေကြားရမလဲစုံစမ်းပေမဲ့ ဘာမှမကြားမိသေးဘူး” လို့ ပြောပါတယ်။

အလားတူ ကျေးလက်ဒေသတွေကနေ တောင်ကုတ်မြို့ထဲကို ဈေးလာဝယ်ကြတဲ့ ဒေသခံခုနစ်ဦးမှာလည်း သြဂုတ် ၂၀ ရက်က ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်အဖြတ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ၎င်းတို့မှာလည်း ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးသလို စစ်ကောင်စီက မြို့အဝင်အထွက်တွေ ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေကလည်း လာရောက်စုံစမ်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

” ပြန်လွတ်လာတဲ့သတင်းတော့ မကြားမိသေးဘူးဗျ။ မြို့အဝင်အထွက်တွေလည်းပိတ်ထားတော့ မြို့တွင်းမှာပိတ်မိကျန်ခဲ့တဲ့လူတွေက မြို့ထဲ ဘယ်နေရာမှာဘာဖြစ်နေသလဲဆိုတာကိုတော့ ဒီကာလမှာအမြဲနားစွင့်ပြီးစုံစမ်းနေရတာပေါ့။ အဖမ်းခံရတဲ့သူတွေကို အမှုဖွင့်တဲ့သတင်းလည်းမကြားမိသလို ဘာသတင်းမှလည်းမကြားမိဘူး” လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

တောင်ကုတ်မြို့မှာရှိတဲ့ ကြိုးကြာကွင်းဂိတ်၊ ဖုံညိုလိပ်ဂိတ်၊ တက္ကသိုလ်ဂိတ်နဲ့ ရေကြောင်းဆိပ်ကမ်းဂိတ်တွေ အကုန်လုံးကို စစ်ကောင်စီက သြဂုတ် ၂၀ ရက်ကစလို့ ဝင်ထွက်သွားလာခွင့်လုံးဝပိတ်လိုက်ပြီး အထက်ပါ ဒေသခံခုနစ်ဦးမှာ စစ်ကောင်စီက မြို့အဝင်၊အထွက်ပိတ်ဆို့လိုက်တာကိုမသိဘဲ မြို့ထဲကိုလာတဲ့အချိန် ဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါတယ်။

အခုလို မြို့ အဝင်အထွက်တွေ ပိတ်ခံထားရတာကြောင့် ဒေသခံတွေဟာ တစ်နေရာနဲ့တစ်နေရာ ကူးသန်းသွားလာလို့မရတော့သလို ကုန်ရောင်းကုန်ဝယ်လည်းလုပ်မရတော့တာကြောင့် စားဝတ်နေရေးတွေ ခက်ခဲကျပ်တည်းလာနေကြတယ်လို့ တောင်ကုတ်ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အတွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အာရက္ခတပ်တော် AA တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် AA အနေနဲ့ တောင်ကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ(၃၄၆) တပ်ရင်းတို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် မြို့ပတ်လည်ကို ဝန်းရံပိတ်ဆို့ထားပြီး နှစ်ဖက်စစ်ရေးအခြေအနေမှာလည်း တင်းမာနေပါတယ်။

Photo – တောင်ကုတ်မြို့သူမြို့သားများစုစည်းရာ fb page


🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."