ကရင်နီ – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း)
ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ဆေးတပ်သားသင်တန်းတစ်ခုမှာ အခု ၁၁ ရက်ညပိုင်း လေ့ကျင့်ရေးလုပ်နေစဉ် တောင်ကျချောင်းရေ ရုတ်တရက်ကျလာလို့ သင်တန်းသားတွေ မျောပါပြီး ၁၈ ဦးကျဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။
ညဘက် ချောင်းမှာလေ့ကျင့်ရေးဆင်းနေချိန် ရေစီးနဲ့အတူ အားလုံးမျောပါသွားပြီး ရုပ်အလောင်းတွေကို ချောင်းအောက်ခြေက ရေကန်မှာ ပြန်လည်တွေ့ခဲ့ရတယ်လို့ KNDF ကရဲဘော်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
” ညဘက်ကြီး ခါးလောက်ရှိတဲ့ချောင်းမှာ လေ့ကျင့်ရေးဆင်းရတာ၊ ဆေးတပ်သားတွေ ချောင်းဖြတ်ကူးနေတုံး တောင်ကျရေကျလာပြီးအကုန်ပါသွားတယ်” လို့ သူကပြောပါတယ်။
သေဆုံးသွားသူထဲက ကိုဟန်သော်ဇင်ဆိုရင် လက်နက်မကိုင်ဘဲ ဆေးတပ်သားလုပ်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။
” သူက လက်နက်မကိုင်ချင်တော့ဘူးဆိုပြီး ဆေးတပ်သားလုပ်ဖို့သင်တန်းတက်နေတာ ၊ သူ့အမေဆိုရင်နှလုံးရောဂါသည်၊သူ့သားသတင်းကြားတော့ သူ့အမေက ဒူးတောင်မခိုင်တော့ဘူး၊ ဘယ်လိုမှမပြောပြရက်ခဲ့ပါဘူး “လို့သူကပြောပါတယ်။
ရေစီးနဲ့မျောပါ ကျဆုံးသွားခဲ့ရတဲ့ ဆေးသင်တန်းသား ၁၈ဦး ဆုံးရှုံးခဲ့ရတဲ့အပေါ် KNDF ကလည်း ဝမ်းနည်းကြေကွဲရကြောင်းနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီသင်တန်းမှာ ပါဝင်ခဲ့တဲ့ မြို့ပြတော်လှန်ရေးတပ်ဦး(URF)ရဲ့ ရဲဘော် ကိုချမ်းနိုင်ခန့်လည်း ဖြစ်ရပ်မှာ ကျဆုံးခဲ့ပြီး သက်ပျောက်ဆွမ်းနဲ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။

ပုံစာ – သင်တန်းမှာ ကျဆုံးသွားတဲ့ ရဲဘော်ကိုဟန်သော်ဇင်နဲ့ ကိုချမ်းခန့်နိုင်
ဓါတ်ပုံ – ပေးပို့ ၊ URF

