ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း)
ငွေကြေးဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ဆက်တိုက်ကျဆင်းလာပြီးဒီနေ့မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ အောက်ကို စတင်ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာကြည့်သူတချို့က ပြောပါတယ်။
ငွေဈေးဖွင့်လှစ်မှုတွေအရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ် တို့အပါအဝင် နိုင်ငံခြားငွေဈေးတွေ အရှိန်ကောင်းကောင်းနဲ့ ကျဆင်းနေပြီး အကျအားကောင်းနေသေးတဲ့ အနေအထားဖြစ်တယ်လို့ ပြည်တွင်းငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်လေ့လာတဲ့ Myanmar Market Price ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့လယ်ပိုင်းက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက တစ်ဒေါ်လာကို ၆,၀၀၀ ကျပ်ဝန်းကျင်မှာရှိတဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ သီတင်းပတ်တစ်ပတ်ကျော်အတွင်းမှာ တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ ဝန်းကျင်ကို စတင်ကျဆင်းသွားပြီး တစ်ဘတ်ကို ၁၆၉ ကျပ် ဝန်းကျင်ရှိတဲ့ ထိုင်းဘတ်လဲလှယ်နှုန်းဟာ ဒီနေ့မှာတော့ တစ်ဘတ်ကို ၁၄၀ ကျပ် ဝန်းကျင်ကို ကျဆင်းခဲ့ပါတယ်။
အလားတူပဲတရုတ်ငွေ တစ်ယွမ်ကို ၈၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ တစ်ယွမ်ကို ၇၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းသွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းထဲမှာ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး ပြည်တွင်းက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်တောက်တာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ ဒီအခြေအနေကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့လလယ်ပိုင်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာသန်းရာနဲ့ချီ အလုံးအရင်း ရောင်းချပေးခဲ့ပြီးနောက် ဒေါ်လာဈေးမြင့်တက်တာ အနည်းငယ်ငြိမ်သက်ခဲ့ပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတာပါ။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းကနေ တစ်ဒေါ်လာကို ၃,၄၀၀ ကျပ် ဈေးနဲ့ ထုတ်ရောင်းပေးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေါ်လာဈေးမြင့်တက်ခဲ့စဉ်က လိုက်ပြီးမြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းဖို့က လာမယ့် သီတင်းပတ်တစ်ပတ်ခန့် စောင့်ကြည့်ဖို့လိုအပ်သေးတယ်လို့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“အခုက ကျနေတယ်ဆိုပေမယ့် ဘယ်အချိန်ပြန်တက်လာမလဲ မသိနိုင်သေးဘူး။ ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ကတော့ ဒီလိုမျိုး အကျဈေးနဲ့ပဲ နောက်တစ်ပတ်နှစ်ပတ်လောက်ထိ ဆက်ရှိနေမှ ဈေးပြန်ချပေးနိုင်တာမျိုးရှိနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။
စီးပွားရေးလုပ်ကိုင်နေသူတချို့ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေမှ စီးပွားရေးလုပ်ကိုင်ရတာ လွယ်ကူမယ်လို့ သုံးသပ်ကြပါတယ်။
ပြည်ပကနေ လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်းသူတစ်ဦးကတော့ လက်ရှိ ငွေဈေးနှုန်း အတက်အကျ၊ မတည်မငြိမ်ဖြစ်နေတာက လုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲစေတယ်လို့ ပြောပါတယ်။
“ဈေးတက်သွားတော့ အတက်ဈေးနဲ့ ဝယ်ရ၊ ပြန်ကျသွားတော့လည်း လက်ထဲက ပစ္စည်းက တန်ဖိုးကျတာမျိုးက ရေရှည်အဆင်မပြေပါဘူး။ ဈေးတန်းတစ်ခုမှာ တည်ငြိမ်နေမှ စီးပွားရေးက လုပ်ရကိုင်ရအဆင်ပြေမှာပေါ့” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ ရွှေဈေး၊ ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်သွားတာကြောင့် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်လာတာကြောင့် ပြည်တွင်းက လူထုတွေအနေနဲ့ ပိုပြီးကျပ်တည်းလာနေပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကတော့ အမေရိကန်တစ်ဒေါ်လာကိုလည်း ၁,၃၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိခဲ့ရာက သုံးနှစ်အတွင်း လေးဆခန့် မြင့်တက်ခဲ့တာပါ။
ဓာတ်ပုံ – မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

