ဂွ – ၂၀၂၄ စက်တင်ဘာ ၆ (မော်ကွန်း)
စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ ဧရာဝတီတိုင်းထဲကမြို့တွေကို စစ်ဘေးရှောင်သွားတဲ့အတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ စမတ်ကတ်လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတင်တဲ့စနစ်တွေလုပ်ကိုင်ရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်က ဒေသခံတချို့ ပြောပါတယ်။
ပြီးခဲ့တဲ့လလယ်ပိုင်းထဲက အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နဲ့ မိုင် ၄၀ ခန့်ဝေးတဲ့ ကျိန္တလီမြို့ထိ ရောက်လာပြီးနောက်မှာ ဂွမြို့က ဌာနဆိုင်ရာ ရုံးတွေအားလုံးဟာ မြို့ကို စွန့်ခွာသွားပြီး ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်ဘက်ကို ရွှေ့သွားခဲ့ကြတာပါ။
အခုနောက်ပိုင်း ဒေသတွင်းခရီးသွားရာမှာ၊ နိုင်ငံခြားကို ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် စသဖြင့် ထွက်ခွာရာမှာ စမတ်ကတ်မရှိသူတွေကို စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတဲ့အတွက် ဂွဒေသခံတွေလို တခြားနိုင်ငံအနှံ့က ပြည်သူတွေလိုပဲ အခက်အကြုံနေရတာဖြစ်ပြီး ဒီစာရွက်စာတမ်းတွေလုပ်ကိုင်ဖို့ စုံစမ်းရာမှာ စစ်ကောင်စီဝန်ထမ်းတွေက လုပ်ငန်းတွေမလည်ပတ်နိုင်သေးဘူးလို့ပြောကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူတချို့ ပြောပါတယ်။
“ လဝကရုံးက ရေကြည်ဘက်ကို ရွှေ့ထားတယ်ပြောပြီး အဲဒီမှာလည်း ဘာမှမလုပ်ပေးဘူး။ ဖုန်းဆက်တော့လည်း လုပ်တော့လုပ်ပေးမယ်၊ အခုတော့ သူတို့တွေတောင် ဘယ်မှာနေရမှန်းမသိဘူးဆိုပြီး ပြန်ပြောတယ်” လို့ ကိုယ်တိုင်ကြုံတွေ့လာသူ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဂွမြို့နယ်ထဲမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဘဏ်တချို့ကလွဲရင် ပညာရေးနဲ့ ဆေးဝန်ထမ်းတွေအပါအဝင် ဌာနဆိုင်ရာရုံးအားလုံးမရှိတော့ဘဲ ဧရာဝတီတိုင်းဘက်ကမြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံတချို့ဟာ သားသမီးတွေကိုကျောင်းထားဖို့ ရခိုင်ရိုးမကိုကျော်ဖြတ်ကာ ဧရာဝတီတိုင်းထဲအထိ လာရောက် ကျောင်းထားရတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ ဒီက မပြေးသေးတဲ့လူတွေရှိတယ်။ သူတို့သားသမီးတွေကတော့ ကျောင်းတက်ရင် ဧရာဝတီတိုင်း လေးမျက်နှာဘက်မှာ သွားတက်တာရှိတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဂွမြို့နယ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့နယ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ နယ်နမိတ်ထိစပ်နေတဲ့ မြို့နယ်တစ်ခုပါ။
ရခိုင်တောင်ပိုင်းမှာ အာရက္ခတပ်တော်(AA) ရဲ့ စစ်ရေးအရှိန်မြှင့်လာတာနဲ့အတူ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တွေက ဒေသခံတွေဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တွေဘက်ကို နေရပ်စွန့်ခွာ စစ်ဘေးရှောင်ကြတာတွေ ရှိပါတယ်။
လက်ရှိမှာ ဂွမြို့နယ်က ထွက်လာသူတွေဟာ မြို့နယ်ရဲစခန်းရဲ့ထောက်ခံစာကိုယူကာ စစ်ဘေးရှောင်နေကြရပြီး ထောက်ခံစာမပါရင် သုံးရက်ပဲတည်းခိုခွင့်ရတယ်လို့ သံတွဲကနေ ဧရာဝတီတိုင်းထဲကို ရွှေ့ပြောင်းနေသူတစ်ဦးက ပြောပါတယ်။
“ထောက်ခံစာပါရင်တော့ အိမ်ငှားနေလို့ရမယ်။ ထောက်ခံစာပါရင်တောင် သူများအိမ်မှာ သုံးရက်နေခွင့် ပေးတယ်။ တချို့လည်း မှတ်ပုံတင်၊ သန်းခေါင်စာရင်းမရှိတော့ လဝကရုံးလည်းမရှိတော့ ဘယ်မှသွားလာလို့မရ ဖြစ်နေတာတွေရှိတယ်” လို့ သူက ပြောပါတယ်။
ဒီလ ၄ ရက်မှာတော့ ကျိန္တလီမြို့တွင်း ဂန့်ဂေါ်တောင်ဆည်အနီးမှာ စစ်ကောင်စီနဲ့ AA နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
AA အနေနဲ့ ရခိုင်မြောက်ပိုင်းက မြို့အများအပြားနဲ့ ရခိုင်တောင်ပိုင်း၊ သံတွဲမြို့ထိ ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ် ထိန်းချုပ်ထားနိုင်တာကတော့ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ နဲ့ ဂွမြို့နယ်တွေမှာ မြို့ပေါ်တွေကို ထိန်းချုပ်နိုင်ပါတော့တယ်။ ဒါအပြင် ပင်လယ်ထဲက ကျွန်းမြို့နယ်ဖြစ်တဲ့ မာန်အောင်ကိုလည်း စစ်ကောင်စီက ထိန်းထားနိုင်ပါသေးတယ်။
ပုံစာ – သံတွဲကနေ ဂွမြို့နယ်ထဲ စစ်ရှောင်လာတဲ့ ဒေသခံများ
ဓာတ်ပုံ – LPA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

