တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၈ ( မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့က ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်အနီးမှာ ဆန်အိတ်ထမ်းနေတဲ့ ကျပန်းအလုပ်သမားသုံးဦးကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက မောင်မင်းချစ်နိုင် (၂၂) နှစ်၊ ကိုကိုဦး (၃၂) နှစ်နဲ့ မောင်ချစ်မင်းသူ (၂၃) နှစ်တို့ဖြစ်ပြီး မနေ့တုန်းက ဖမ်းဆီးခံရတာလို့ တောင်ကုတ်ဒေသခံတချို့က ဆိုပါတယ်။
သူတို့ဟာ မနေ့တုန်းက တောင်ကုတ်- ပြည် ကားလမ်းကို ပိတ်စစ်နေတဲ့ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ် အနောက်ဘက်က ဂိတ်ရှောင်တောလမ်းမှာ ဆန်အိတ်အငှါးထမ်းနေကြစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့က လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်တယ်လို တောင်ကုတ်ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။
” စားဝတ်နေရေးအဆင်မပြေလို့ ဆန်အိတ်ထမ်းခ (ကျပ်)တစ်သောင်းခွဲနဲ့ အငှါးပြောင်းနေကြတာ။ အဲဒီအချိန်မှာ စစ်ဆေးရေးဂိတ်က စစ်သားတွေကရောက်ချလာပြီး ဖမ်းသွားတာ။ ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူး။ စစ်ဆေးရေးဂိတ်မှာပဲ နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတယ်” လို့ သူက ပြောပါတယ်။
တောင်ကုတ်မြို့မှာရှိတဲ့ ကြိုးကြာကွင်းဂိတ်၊ ဖုံညိုလိပ်ဂိတ်၊ တက္ကသိုလ်ဂိတ်နှင့် ရေကြောင်းဆိပ်ကမ်းဂိတ်တွေကို စစ်ကောင်စီက သြဂုတ် ၂၀ ရက်ကစလို့ ပိတ်လိုက်ပြီး ဒေသခံတွေကို မြို့အဝင်အထွက် ပိတ်ပင်ထားပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ တစ်နေရာနဲ့တစ်နေရာ ဝင်ထွက်သွားလာလို့ မရတော့သလို အလုပ်အကိုင်တွေလည်းရှားသွားတာကြောင့် အလုပ်လက်မဲ့တွေဖြစ်ကုန်ကာ စားဝတ်နေရေးတွေ ခက်ခဲလာနေကြတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။
” ဂိတ်ကိုဖြတ်တာလည်း မဟုတ်ဘူး။ ဂိတ်အနောက်ဘက်ကတောလမ်းမှာ ဆန်အိတ်အငှါးပြောင်းနေတာကို တောလမ်းအထိ လိုက်လာပြီးဖမ်းတယ်ဆိုတော့ ပြည်သူတွေက ဘာအလုပ်မှ လုပ်လို့မရတော့ဘူးပေါ့။ မြို့ထဲဝင်မရလို့ အလုပ်လက်မဲ့ဖြစ်နေကြတဲ့သူတွေအများကြီးပဲ။ အငတ်မခံနိုင်လို့ ရတဲ့အလုပ်ကိုလိုက်လုပ်ကြတာကို အခုလိုဖမ်းနေတော့ ဘယ်သူမှအပြင်ထွက်ပြီးအလုပ်မလုပ်ရဲကြတော့ဘူး။ ကြာလာရင်ငတ်ပီး သေကုန်ကြတော့မယ်” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်မှာပဲ ဩဂုတ် ၂၀ တုန်းကလည်း မြို့အဝင်အထွက်ပိတ်လိုက်တာကို မသိဘဲ ရောက်လာတဲ့ ရွာသားတချို့ကို စစ်ကောင်စီက ဖမ်းခဲ့တာတွေ ရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော်(AA) တို့ တွေ့ကာ တိုက်ပွဲတစ်ကြိမ် မြို့ပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ အာရက္ခတပ်တော်(AA) က ဝင်ရောက်ထိုးစစ်ဆင်လာမှာကို ကြောက်လန့်ပြီး ဒေသခံတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးတာမျိုးတွေ ၊ မြို့အဝင်အထွက်တွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ကာ မြို့တွင်းကလူတွေကို မြို့ပြင်ထွက်ခွင့်မပေးတော့ဘဲ လူသားဒိုင်းပုံစံပြုလုပ် ခံစစ်ပြင်ဆင်ထားတာလို့ တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တောင်ကုတ်မြို့အနီးတဝိုက် ကျေးလက်ဒေသတွေကို လေကြောင်းပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သြဂုတ် ၂၂ ရက်က မွေးကင်းစကလေးမိခင်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သလို သြဂုတ်လ ၁၆ရက်ကလည်း မိုးတောင်ပညာဒါနဘုန်းတော်ကြီးကျောင်းက ဦးဇင်းတစ်ပါး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ တောင်ကုတ်မြို့နယ်နဲ့နယ်ခြင်းဆက်နေတဲ့ သံတွဲမြို့နယ်ကို သိမ်းပိုက်ထားသလို တောင်ကုတ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်။
ဓါတ်ပုံ- တောင်ကုတ်မြို့နယ်သားများဂရု
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
@mawkunmagazine #Chronicle #Dailynews

