ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးထိ တိုက်ပွဲတွေနီးကပ်လာပြီးနောက်မှာ မြို့ခံတွေ မြို့ကထွက်ချင်ပေမယ့် ကားလမ်းတွေပိတ်နေတာကြောင့် မြို့ကနေတိမ်းရှောင်ဖို့ အဆင်မပြေဖြစ်နေတယ်လို့ ဗန်းမော်ဒေသခံတချို့က ပြောပါတယ်။
အခုလ ၂၀ ရက်မှာ ဗန်းမော်မြို့နဲ့ ငါးမိုင်အကွာအဝေးရှိတဲ့ ကောင်ဂျာယန်ရွာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်မြို့နဲ့ အနီးတဝိုက်ထိ တိုက်ပွဲတွေရောက်လာတာပါ။
မနေ့ကညထိ ဗန်းမော်မြို့ကနေ လက်နက်ကြီးပစ်ခတ်သံတွေ တစ်ညလုံးကြားနေရပြီး မြို့တွင်းမှာ ကျန်ရစ်နေသေးတဲ့ဒေသခံတွေက တိုက်ပွဲတွေ ဗန်းမော်ြမို့ကို ရောက်လာမှာကို စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့လ ၂၁ ရက်မှာ စစ်ကောင်စီက ကချင်ပြည်နယ်တစ်ခုလုံးနီးပါးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာကြောင့် ဗန်းမော်မြို့နဲ့ အဆက်အသွယ်ပြတ်တောက်နေတာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး နေအိမ်မှာကျန်ခဲ့တဲ့မိသားစုကို စိုးရိမ်တယ်လို့ ဗန်းမော်မြို့ကနေ မန္တလေးကို ပြီးခဲ့တဲ့လပိုင်းထဲက တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့နဲ့ ဆက်သွယ်ဖို့ဆိုရင် မံဝိန်းကြီး-မံစီ လမ်းပိုင်းကနေကနေ သွားလာနေတဲ့ ဆိုင်ကယ်ကယ်ရီ တချို့ပဲ ရှိနေပြီး ဗန်းမော်မြို့မှာရှိနေသူတွေကို စကားလမ်းကြုံပါးတာ၊ ပစ္စည်းလမ်းကြုံပါးတာတွေကို အဲဒီဆိုင်ကယ်ကယ်ရီတွေနဲ့ လုပ်ဆောင်နေကြရတယ်လို့ ၎င်းက ပြောပါတယ်။
“အကုန်လုံးက မိသားစုတွေ သေသလားရှင်သလားမသိဘူး။ ဖုန်းလိုင်းလေး လမ်းလေး ပြန်ဖွင့်မှပဲဖြစ်မယ်” လို့ ၎င်းက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့အနီးမှာရှိတဲ့ မိုးမောက်မြို့ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အခုလ ၁၉ ရက်မှာတော့ မိုးမောက်မြို့မှာရှိတဲ့ ခမရ ၄၃၇ စစ်ကောင်စီတပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းယူလိုက်ပြီးနောက်မှာ ဗန်းမော်မြို့နယ်ထိကိုပါ တိုက်ပွဲတွေ ကူးစက်လာမယ့် အခြေအနေတွေ ဖြစ်နေတာပါ။
လက်ရှိ ဗန်းမော်မြို့ကနေ အပြင်ကိုထွက်တဲ့ လမ်းကြောင်းတွေ အကုန်ပိတ်နေတဲ့အပြင် ဖုန်းလိုင်းအင်တာနက်လိုင်းတွေကလည်း မရတာကြောင့် မြို့ပေါ်မှာ ကျီးလန့်စားစား နေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အခုမြို့ထဲကလူတွေ ကျီးလန့်စားစားနေနေရတာပါ။ ညဆိုလည်း လက်နက်ကြီးသံတညံညံနဲ့ အမြဲနားစွင့်နေရတယ်။ နေ့ဘက်ဆိုရင်လည်း အပြင်မထွက်ရဲဘူး။ လူငယ်တွေဖမ်းတဲ့သတင်းတွေလည်း ကြားရတယ်။ အပြင်ကလူတွေကလည်း မိသားစုနဲ့အဆက်သွယ်ပြတ်လို့စိုးရိမ်။ အိမ်ကလူတွေကလည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတာပေါ့” လို့ ဗန်းမော်ကနေ မန္တလေးကို ထွက်လာတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့နဲ့ ဆက်သွယ်ထားတဲ့ ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော်-မန္တလေး ကားလမ်းတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲက ပြတ်တောက်သွားတာဖြစ်ပြီး မန္တလေးဘက်ကို စစ်ဘေးရှောင်မယ်ဆိုရင်လည်း အဆင့်ဆင့်သွားရမှာဖြစ်တဲ့အတွက် မြို့ကနေရှောင်တိမ်းဖို့ကလည်း ခက်ခဲနေကြတယ်လို့ ဗန်းမော်မြို့အခြေအနေကို သိရှိသူတစ်ဦးကလည်း ပြောပါတယ်။
“မန္တလေးကို တိုက်ရိုက်ကားမရဘူး။ ကသာဘက်ကို မြစ်ဆိပ်တွေဘာတွေဖြတ်ပြီး အဆင့်ဆင့်သွားပြီးမှ၊ ကသာ-မန္တလေးလမ်းပိုင်းက ပြန်ဆင်းရတာတော့ရှိတယ်။ အဲဒီလမ်းလည်းအခုပိတ်သွားပြီလားမသိဘူး။ တတ်နိုင်တဲ့သူတွေတော့ လေယာဉ်ရှိပေမယ့် သူက တစ်ရက်နှစ်ရက်ကိုမှ တစ်ကြောင်းလောက်ပဲ ထွက်တာဆိုတော့ လေယာဉ်လက်မှတ်လည်း ရဖို့မလွယ်တာတွေရှိတယ်” လို့ အဲဒီဒေသခံကပြောပါတယ်။
ဗန်းမော်ဟာ ကချင်ပြည်နယ်မှာဆိုရင် မြစ်ကြီးနားပြီးရင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ကားလမ်းနဲ့ ဧရာဝတီမြစ်ကြောင်းရဲ့ အချက်အခြာကျတဲ့ ဒေသတစ်ခုဖြစ်ကာ စစ်ကောင်စီရဲ့ ခရိုင်ရုံးစိုက်တဲ့မြို့လည်းဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ဗန်းမော်မြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေတယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ထားပါတယ်။
အခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးက မံစီ၊ မိုးမောက် မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။
KIA အနေနဲ့ ဒီနှစ် မတ်လဆန်းကပြီး ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး ဒီထိုးစစ်ကာလထဲမှာ စစ်ကောင်စီတပ်စခန်းရာနဲ့ချီကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ မိုးမောက် အစရှိတဲ့မြို့တွေကိုပါ ထိန်းချုပ်သိမ်းပိုက်လိုက်ထားခဲ့တာပါ။
ပုံစာ – ဗန်းမော်မြို့အနီးက မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်စခန်းမှာ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ထားတဲ့မြင်ကွင်း
ဓာတ်ပုံ – The Kachin Net
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

