ရန်ကုန် – ၂၀၂၄ ဩဂုတ် ၉ (မော်ကွန်း)
နိုင်ငံတဝန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့အခြေချပြီး နေထိုင်သူအရေအတွက် ဆက်တိုက်မြင့်တက်လာကာ အိမ်ခြံမြေအငှားသွက်လာပြီး အိမ်ငှားခဈေးတွေဟာလည်း ဆက်တိုက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ဆီက သိရပါတယ်။
အထူးသဖြင့် အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းတိုက်ခန်းငှားရမ်းခ ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကထက် သိသိသာသာကို ဈေးနှုန်းတွေ မြင့်တက်လာတာပါ။
အရင်ကတော့ ရန်ကုန်မြို့တွင်း တိုက်ခန်းငှားရမ်းခတွေဟာ အနိမ့်ဆုံး ကျပ်တစ်သိန်းခွဲကနေ သုံးသိန်းခွဲဝန်းကျင်လောက်ထိပဲ ရှိပေမယ့် အခုရက်ပိုင်းမှာတော့ အနိမ့်ဆုံး ကျပ်နှစ်သိန်းခွဲကနေ လေးသိန်းခွဲ၊ ငါးသိန်းနီးပါးထိ တိုက်ခန်းခဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“မြို့တွင်းမှာဆိုရင် အခန်းငှားခ အခုက အနိမ့်ဆုံး လေး၊ ငါးသိန်း ဝန်းကျင်ပဲ။ အရင်တစ်သိန်းခွဲလောက်ပဲရှိတဲ့ အခန်းတောင် အခု အနည်းဆုံး နှစ်သိန်းခွဲလောက် ဖြစ်နေတယ်” လို့ ၎င်းအိမ်ခြံမြေအကျိုးဆောင်က ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်တိုင်းက မြို့နယ်တိုင်းမှာဆိုရင်လည်း အသစ်ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစုတွေကို အများအပြားမြင်တွေ့လာရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
အခုလို အသစ်ပြောင်းရွှေ့လာသူတွေ များလာတာနဲ့အမျှ တိုက်ခန်းပိုင်ရှင်တွေကလည်း တိုက်ခန်းငှားရမ်းခတွေကို ကျပ်တစ်သိန်း၊ တစ်သိန်းခွဲဝန်းကျင်ထိ တိုးမြှင့်တောင်းခံလာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဈေးကို သိသိသာသာကြီး တက်လာတာ၊ ဒီစာချုပ်ကုန်လို့ နောက်စာချုပ်ဆိုရင် ဒီဈေးနဲ့ မရတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
ရန်ကုန်မြို့ကို အခုလို ရွှေ့ပြောင်းလာသူတွေဟာ ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်း ပိုမိုများပြားလာတာလို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
ရန်ကုန်မြို့မှာ အိမ်ခြံမြေပွဲစားတွေက ဈေးကစားတာကြောင့် အိမ်ခန်းငှားခတွေ မြင့်တက်လာတာတွေရှိသလို အိမ်ရှင်တွေဘက်ကလည်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေကြောင့် ဈေးနှုန်းတိုးမြှင့်တောင်းတာတွေ ရှိလာတာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့အပါအဝင် နိုင်ငံအလယ်ပိုင်းကမြို့တွေအထိ တိုက်ပွဲတွေဖြစ်နေပြီး အဲဒီဒေသခံတွေဟာ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေကြတာပါ။
ပုံစာ – ရန်ကုန်မြို့လယ်တစ်နေရာ
ဓာတ်ပုံ – မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

