ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃၁ (မော်ကွန်း)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာ အခုရက်ပိုင်း ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် အနိမ့်ပိုင်းရပ်ကွက်အများအပြား ဒီနေ့ထိ ရေကြီးရေလျှံနေပြီး အိမ်ထောင်စုရာနဲ့ချီကာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က ၅၃၊ ၅၄၊ ၅၅၊ ၇၀၊ ၇၁ ရပ်ကွက်တွေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ၁၂၊ ၁၃၊ ၁၃၃ အစရှိတဲ့ ရပ်ကွက်တွေမှာ ရပ်ကွက်တစ်ခုလုံးနီးပါး လမ်းပေါ်တွေအပြင် နေအိမ်တွေအထိ ရေဝင်ကာ နစ်မြုပ်နေတာပါ။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာဆိုရင် နေအိမ်တွေထဲထိ ရေတွေတက်နေတာကြောင့် အိမ်ထောင်စု ၃၀၀ ကျော်ခန့်ဟာ နီးစပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ အဲဒီမြို့နယ်မှာ ရေဘေးအတွက် ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် အရှေ့ဒဂုံမြို့နယ်က ရပ်ကွက်တချို့မှာ ထရန်စဖော်မာတွေ ရေမြုပ်တာ၊ ဓာတ်တိုင်တချို့ လဲကျတာတွေကြောင့် မနေ့ကတည်းက လျှပ်စစ်ဖြတ်တောက်ထားတယ်လို့ ၁၃၃ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဒီဘက်က လက်လုပ်စားတွေ ကျူးကျော်တွေလည်းများတော့ အတော်ဒုက္ခရောက်တယ်။ မီးလည်းမလာ၊ ချက်ဖို့ပြုတ်ဖို့အဆင်မပြေတော့ အလှူရှင်တွေကတော့ စားစရာနဲ့ သောက်ရေသန့်ပေါ့ အဲဒါတွေ အဓိကလိုနေတာပါ” လို့ ၎င်း က ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းထဲက လှိုင်သာသာ၊ ရွှေပြည်သာ၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တွေက ရပ်ကွက်တွေမှာ ရေကြီးရေလျှံနေပြီး ရေဘေးသင့်အိမ်ထောင်စုတွေကို မြန်မာနိုင်ငံမီးသတ်အဖွဲ့နဲ့ ပရဟိတအသင်းတွေက အရေးပေါ်ပြောင်းရွှေ့ပေးနေရတာတွေ ဖြစ်နေတာပါ။
အခု ၂၄ နာရီအတွင်း ရန်ကုန်တိုင်းအတွင်း စီးဆင်းနေတဲ့ လှိုင်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းဘေးတလျှောက် မြစ်ရေမြင့်တက်နေတာကြောင့် အဲဒီမြစ်ကမ်းတစ်လျှောက်နဲ့ အနီးတစ်ဝိုက် မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်မှာ မနေ့ကသတိပေးထားပါသေးတယ်။
ပုံစာ – အရှေ့ဒဂုံက ရပ်ကွက်တွေ ရေကြီးနေတဲ့မြင်ကွင်း
ဓာတ်ပုံ – KP

