ပဲခူးမြစ်ရေ ပေဝက်ခန့်ဆက်တက်နိုင်သေး

ပဲခူးမြစ်ရေ ပေဝက်ခန့်ဆက်တက်နိုင်သေး

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း)

လူဦးရေသောင်းနဲ့ချီကာ ရေဘေးသင့်ပြီး ရေကြီးနစ်မြုပ်နေတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ပဲခူးမြို့အတွင်းက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၃၀ ကျော်ဟာ ရေဝင်နစ်မြုပ်နေပြီး လူဦးရေ နှစ်သောင်းကျော်ထိ နေရာရွှေ့ပြောင်းထားရကာ ကယ်ဆယ်ရေးစခန်းပေါင်း ၂၇ ခုထိ ဖွင့်လှစ်ထားရတယ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ဇိုင်းဂနိုင်းတောင်ပိုင်းက ဖောင်တော်ဦးကျောင်းတိုက်က ကယ်ဆယ်ရေးစခန်းမှာ ရေဘေးရှောင်လာတဲ့ လူဦးရေ ၁,၀၀၀ ကျော် ရောက်ရှိနေတယ်လို့ အဲဒီ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။

ယခုလ ၂၆ ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ပဲခူးမြို့ရှောင်လမ်းက ကျေးရွာပေါင်း ၂၀ ကျော်ရေနစ်မြုပ်ခဲ့သလို ပဲခူးမြို့ပေါ် ရပ်ကွက် ၁၀ ခုထက်မနည်း ရေဝင်နစ်မြုပ်နေတာပါ။

ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးကတော့ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်နဲ့ သောက်သုံးရေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။

“လောလောဆယ်က လျှပ်စစ်မီးလည်း မရတော့ဘူး။ နေရာတိုင်းက ရေတွေပဲဆိုတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတာတွေရှိတယ်။ သောက်သုံးရေလည်း အဆင်မပြေတာရှိတယ်။ ဆေးဝါးဆိုရင်လည်း ဓာတ်ဆားထုပ်တွေ လိုအပ်တာတွေရှိတယ်။ အလှူရှင်တွေတော့ လာတော့ လာနေကြပါတယ်” လို့ ၎င်းက ပြောပါတယ်။

ပဲခူးမြို့မှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်နဲ့ အောက်တိုဘာလတွေတုန်းကလည်း တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပြီး လူဦးရေ သောင်းနဲ့ချီကာ ရေဘေးသင့်ခဲ့တာပါ။

ပဲခူးမြို့မှာ ပြီးခဲ့တဲ့နှစ်က ရေကြီးရေလျှံခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ပရဟိတအဖွဲ့အစည်းတွေ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ အခြေအနေဖြစ်ပြီး မြို့တွင်းမှာ ကူညီကယ်ဆယ်တာ၊ ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးနေတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်းမှာ မိုးကြီးနေပြီး ပဲခူးမြစ်အပါအဝင်၊ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ သောင်ရင်း၊ ငဝန်မြစ် အစရှိတဲ့မြစ်တွေမှာလည်း စိုးရေရေမှတ်ထက်ကို ကျော်လွန်နေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ပုံစာ – ပဲခူးမြို့ရေကြီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Htwe Htwe, Lamin

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."