မိုးကုတ်-၂၀၂၄ ဇူလိုင် ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သလို မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။
“၁၀၂၇” စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို TNLA က ဇွန် ၂၅ ရက်ကနေ မနေ့က ဇူလိုင် ၂၄ ရက်အထိ လေးပတ်ကြာတိုက်ခိုက်ပြီးနောက် မနေ့က ညနေပိုင်းမှာ မိုးကုတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ လပခ၊ ခလရ(၇၈၊၈၈၊၁၄၈)တို့ကို TNLA က မနေ့က ညနေပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သလို မိုးကုတ်အနောက်ပိုင်းက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ရွှေမျက်ဝန်း၊ အေးစေတီကုန်း၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်းအပါအဝင် အကျဉ်းထောင်၊ ရဲစခန်းနဲ့ အစိုးရဌာနဆိုင်ရာရုံးတွေအားလုံးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်ပြုလုပ်ခဲ့ပြီး အတွဲလိုက်ဒုံး ၁၈ လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ကဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက အတွဲလိုက်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ အတွဲလိုက်ဒုံး(လေးလုံးတွဲ)တစ်လက်၊ မိုင်းနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့တယ်လို့ ပုံနဲ့တကွ ထုတ်ပြန်ထားသလို စစ်သုံ့ပန်း ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲ လေးပတ်အတွင်း မိုးကုတ်ဒေသခံ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ရှစ်ဦး၊ ကလေးကိုးဦးသေဆုံးခဲ့သလို ၅၉ ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်း၊ လူနေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ပါတယ်။
TNLA က မိုးကုတ်မြို့ကို အလုံးစုံသိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့ခံအများအပြားက လမ်းမတွေပေါ်ထွက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုခဲ့ကြပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာတော့ မိုးကုတ်မြို့တစ်ခုလုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်နေကြပါတယ်။
မိုးကုတ်မြို့ကို လက်လွှတ်လိုက်ရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဒီနေ့မနက်အစောပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ရရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ TNLA တပ်သားတချို့။
ဓာတ်ပုံ-PSLF/TNLA

