၂၀၂၄ – ဇူလိုင် ၁၉ (မော်ကွန်း)
ကေအဲန်ယူ – တပ်မဟာ ၆၊ ဒူးပလာယာခရိုင်ထဲကလယ်သမားတွေ ဒီနှစ် မိုးစပါးစိုက်ပျိုးနေတဲ့ မြင်ကွင်းတွေပါ။
ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်တန်းဒေသတွေမှာ နွေရာသီကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဖြစ်ပွားနေဆဲပါ။
ဒီတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ တာဝေးပစ်အတွဲလိုက်ဒုံးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေအများစုဟာ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မိုးရာသီစပါးစိုက်ပျိုးချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လယ်သမားတွေဟာ တစ်နှစ်တာ မိမိတို့ စားသောက်ဖို့အတွက် အရဲစွန့်ပြီး စပါးပြန်လာစိုက်ကြရတာပါ။
ဒီနှစ်လည်း စပါးတွေ စတင်စိုက်ပျိုးနေကြပေမယ့် ရိတ်သိမ်းချိန်ရောက်ရင် မရိတ်နိုင်မှာကို စိုးရိမ်နေကြပါတယ်။
ပုံမှန်ဆိုရင် မိုးတွင်း လယ်လုပ်ချိန်မှာ တိုက်ပွဲမဖြစ်ပွားပေမယ့် လက်နက်ကြီးတွေက နေ့တိုင်းလိုလိုကျနေတာကို တွေ့ရပါတယ်။
ဒီနှစ်မိုးတွင်းကတော့ တိုက်ပွဲတွေလည်း ဖြစ်ပွားသလို လက်နက်ကြီးတွေဟာလည်း တာဝေးပစ်မစ်ဇိုင်းတွေပါ ပါဝင်လာတာကိုတွေ့ရပါတယ်။
လက်နက်ကြီးကြားကနေ စပါးတွေ စိုက်ခဲ့ကြရပြီး စပါးရိတ်ချိန်ရောက်ရင် တိုက်ပွဲကြောင့်နဲ့ အရင်နှစ်လို တိမ်းရှောင်ရမှာကို “စိုက်ပြီးရင် ပြန်မရိတ်ရမှာကိုလည်းစိုးရိမ်တယ်၊ မနှစ်ကဆို ရိတ်တဲ့အချိန်မှာဘဲ တိုက်ပွဲဖြစ်တော့ ရှောင်နေရတယ်။ ပြန်လာတော့ စားဖို့ဘာမှမရှိတော့ဘူး၊ ရှိတဲ့သူဆီကနေ အကူအညီတောင်းနေရတယ်၊ မနှစ်က စပါးတွေဆို တစ်လုံးမှပြန်မရတော့ဘူး”လို့ ကော့ကရိတ်တောင်ပိုင်းနေ တောင်သူလယ်သမားတစ်ဉီးက ပြောပါတယ်။
ဒေသခံတွေဟာ မနှစ်က တိုက်ပွဲသံကြားမှာ ပြေးလွှားရင်းနဲ့ စပါးတွေစိုက်ခဲ့ကြရပြီး ထိန်းသိမ်းပြုစုချိန် ရောက်တဲ့အချိန်မှာတော့ တိုက်ပွဲကြောင့် စပါးခင်းတွေကိုထားခဲ့ပြီး စစ်ရှောင်ခဲ့ရပါတယ်။
မနှစ်က တပ်မဟာ ၆ ကော့ကရိတ်တောင်ပိုင်းမှာ စစ်ရှောင်အနည်းဆုံး ၄၀,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ကေအဲန်ယူ-မြို့နယ်အဖွဲ့အစည်းတွေဘက်က ရတဲ့ အချက်အလက်တွေအရ ခန့်မှန်းရပါတယ်။
စပါးရိတ်ချိန်မှာ တိုက်ပွဲဖြစ်လို့ စစ်ရှောင်နေရတာ၊ ရိတ်သိမ်းချိန်ကျော်လွန်ကုန်တာ၊ ဒါ့အပြင် ကျွဲ၊ နွားတွေစားလိုက်လို့ တချို့လယ်သမားတွေဆို စပါးပြန်မရတော့ဘဲ ဆုံးရှုံးကုန်တာတွေရှိတာကို တွေ့ရပါတယ်။
ကော့ကရိတ်မြို့နယ်၊ ကမိုင်းကုန်း ဒေသခံတွေရဲ့ လယ်တွေဟာ ကော့ကရိတ်မြို့ဘက်ခြားမှာ ရှိတာကြောင့် သွားလုပ်လို့မရဲတော့ဘဲ ဒီတိုင်းထားခဲ့ပြီး အခုနှစ် စားဖို့ဆန်အတွက်ကိုတော့ လယ်ငှားပြီးလုပ်နေရပါတယ်။
“ခုတိုက်ပွဲငြိမ်တဲ့အချိန်မှာ လယ်ပြန်လာလုပ်တာပေါ့။ လုပ်တဲ့လယ်ကလည်း ကိုယ့်လယ်မဟုတ်ဘူး။ သူများလယ်ကို ငှားပြီးလုပ်နေရတယ်”တယ်လို့ တောင်သူလယ်သမားအဒေါ်ကြီးတစ်ယောက်က ပြောပါတယ်။
ဓာတ်မြေသြဇာဈေးတက်နေလို့ ဝယ်မသုံးနိုင်တော့တာကြောင့် စပါးမထွက်တာကို စိုးရိမ်ရတာအပြင် စပါးရိတ်သိမ်းချိန်ရောက်ရင် တိုက်ပွဲကြောင့် စပါးမရိတ်ရဘဲ စစ်ရှောင်ရမှာကိုလည်း ဒေသခံလယ်သမားတွေ စိုးရိမ်နေကြပါတယ်။
ပုံစာ – အခုရက်ပိုင်း စိုက်ပျိုးနေကြတဲ့ ကော်သူးလေမိုးစပါးခင်းများ။
ဓါတ်ပုံ – Mawkun Magazine

