မုံရွာ-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ ညပိုင်းတွေမှာ လူငယ်ယောက်ျားလေးတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ညနေ ၆ နာရီဝန်းကျင်ကစလို့ မြို့တွင်းက ရပ်ကွက်တွေထဲကို အိမ်စီးကား၊ စစ်ကားတွေအသုံးပြုပြီးကင်းပတ်ရင်း တွေ့တဲ့လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတာလို့ စစ်သားသစ်စုဆောင်းခံခဲ့ရတဲ့ ကန်သာဦးရပ်ကွက်ထဲက လူငယ်တစ်ဦးရဲ့မိခင်က ပြောပါတယ်။
“သူ့ဟာသူ အလုပ်ကပြန်လာပြီး အိမ်ရှေ့မှာထိုင်နေတာ။ အဲဒီအချိန် အိမ်စီးကားလေးစီးနဲ့ စစ်သားတွေရောက်လာပြီး ဖမ်းခေါ်ကားပေါ်တင်သွားတာ။ ကျွန်မသားကို ဘာလို့ဖမ်းတာလဲမေးတော့ လျှာမရှည်နဲ့လို့ပြောပြီး အိမ်ထဲပြန်ဝင်ခိုင်းတာ၊ ရိုက်တော့မရိုက်ဘူး။ သူတို့ဖမ်းသွားပြီး နောက်ရက်ကျအမှတ်(၁) ရဲစခန်းလိုက်မေးတော့ ရှမ်းပြည်က စစ်သင်တန်းကျောင်းကို ဒီနေ့(၁၆ရက်နေ့) လေယာဉ်နဲ့ပို့တော့မှာလို့ ပြန်ပြောတယ်။ (သားဖြစ်သူ)သူနဲ့အဆက်အသွယ်တောင်မရဘူး”လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့ပေါ်က ကန်သာဦး၊ အောင်ချမ်းသာ၊ ကွေ့ကြီး၊ ထန်းတော၊ စက်မှုဇုန်၊ မြို့သစ်၊ အောင်ဇေယျုံ၊ အေးခို၊ ပိတောက်ကုန်းစတဲ့ရပ်ကွက်တွေကို ညပိုင်းတွေမှာ ဧည့်စာရင်းဝင်စစ်ရင်း လူငယ်တွေကို ခေါ်ဆောင်သလို လမ်းမှာဖြတ်သန်းသွားလာနေတဲ့လူငယ်တွေကိုလည်း တစ်ခါတည်းခေါ်ဆောင်သွားလေ့ရှိတယ်လို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေကပြောပါတယ်။
“ဖမ်းတာတော့ ညတိုင်းပဲ။ ၆ နာရီလောက်ဆိုရင် အိမ်တံခါးပိတ်ထားရတယ်။ဧည့်စာရင်းစစ်ရင်းဖမ်းတယ်။ သူတို့ဂိတ်တွေနားသွားရင်လည်းဖမ်းတယ်။ တစ်ခါတစ်ခါရပ်ကွက်တွေထဲ သူတို့ပတ်သွားရင် အနည်းဆုံးသုံးလေးယောက်လောက်တော့ ပါသွားတာပဲ။ မနက်မှ မိသားစုတွေဆီဆက်သွယ်ပြီး သူတို့သဘောနဲ့သူတို့ စစ်မှုထမ်းတယ်ဆိုတာမျိုးပြောတာ။ ခေါ်ခံရပြီးတာနဲ့ မိသားစုတွေနဲ့တွေ့လို့မရတော့ဘူး” လို့ စက်မှုဇုန်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းပြီးချိန်ကစပြီး မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ လူငယ်တွေကို မကြာခဏ ဖမ်းဆီးကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားလေ့ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းသင်တန်းကို တက်ရောက်ကြတဲ့လူငယ်တွေဟာ ကိုယ့်သဘောနဲ့ကိုယ်တက်ရောက်ကြတာဖြစ်တယ်လို့ သူတို့ရဲ့ဝါဒဖြန့်သတင်းစာတွေမှာပြောဆိုလေ့ရှိပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ခံရတဲ့လူငယ်တွေကို စစ်သင်တန်းတွေပေးနေပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃) အထိဖွင့်လှစ်ထားပြီး အပတ်စဉ်(၄)အတွက် လူသစ်တွေ ခေါ်ဆောင်တာ၊ မတရားဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။
ပုံစာ-စစ်မှုထမ်းခေါ်ဆောင်ခံရသူတွေကို စစ်သင်တ်န်းပေးနေတဲ့ စစ်ကောင်စီတပ်သားများ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်။

