လားရှိုးမြို့တွင်းမှာ လက်နက်ကြီးတွေကျလို့ အရပ်သားသေဆုံးမှုထပ်တိုး၊ မြို့ခံတချို့ မြို့ကိုစတင်စွန့်ခွါ

 လားရှိုးမြို့တွင်းမှာ လက်နက်ကြီးတွေကျလို့ အရပ်သားသေဆုံးမှုထပ်တိုး၊ မြို့ခံတချို့ မြို့ကိုစတင်စွန့်ခွါ

လားရှိုး-၂၀၂၄ ဇူလိုင် ၄ (မော်ကွန်း)

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ တိုက်ပွဲပိုမိုပြင်းထန်လာနေပြီး မြို့ခံတွေဟာ ဒီနေ့မှာ မြို့ကိုစွန့်ခွါနေကြသလို အရပ်သားသေဆုံးမှုတွေလည်းတိုးနေတယ်လို့ မြို့ခံတချို့က ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။

“ အမှတ် ၉ ရပ်ကွက်၊ ဘူတာပိုင်းပေါ့၊ အဲဒီမှာ ဒီနေ့ လက်နက်ကြီးထပ်ကျပြီးတော့ အရပ်သားငါးဦး ထပ်သေတယ်။ နှစ်နေရာကိုကျတာလို့ ပြောကြတယ်။ ယောက်ျားသုံးယောက်နဲ့ မိန်းမ နှစ်ယောက် သေသွားတာလို့သိရတယ်” လို့ လားရှိုးမြို့ အဝင်နားက အမှတ်(၄၁) ခြေလျင်တပ်ရင်းနားမှာနေထိုင်တဲ့ မြို့ခံတစ်ဦးက  ဒီနေ့လယ်မှာ ပြောပါတယ်။

တိုက်ပွဲဟာ မြို့နဲ့ပိုမို့ နီးကပ်လာပြီး လက်နက်ကြီးအသံတွေနဲ့အတူ လက်နက်ငယ်အသံတွေကိုပါ ခပ်စိပ်စိပ်ကြားနေရတယ်လို့ သူက ဒီနေ့လယ်ပိုင်းမှာ ပြောတယ်။

မြို့ခံတွေကတော့ ပွင့်နေသေးတဲ့ လမ်းပိုင်းကို အသုံးပြုပြီ မြို့ကိုစတင်စွန့်ခွါနေကြပြီလို့ မြို့ခံတချို့က ဆိုတယ်။

“ လမ်းပိုင်းက လားရှိုး-တန့်ယန်းလမ်းပိုင်းပေါ့။ အဲဒီတိုက်ပွဲစဖြစ်တဲ့ နမ့်ပေါင်ရွာမရောက်ခင် လမ်းခွဲတစ်ခုရှိတယ်။ အဲဒီကနေ သွားလို့ရနေသေးတယ်ဆိုတော့ အဲဒီလမ်းကိုအသုံးပြုပြီး စပြီး မြို့ကိုစွန့်နေကြပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီနေ့လယ်ပိုင်းအထိ ပစ်ခတ်သံတွေကို ကြားနေရဆဲဖြစ်သလို စစ်ကောင်စီက ရဟတ်ယာဉ်တွေအသုံးပြုပြီး သယ်ယူပို့ဆောင်နေတာ တွေ့ရတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။

ဒါအပြင် သီပေါမြို့နားမှာ အခြေစိုက်တဲ့ တင့်ကားတပ်ရင်းက တင့်ကားတွေကို လားရှိုးမြို့လယ်က သာသနာ့ဗိမ္မာန်ဓမ္မာရုံမှာ အခြေချပြီး စစ်ကောင်စီကတပ်စွဲထားသလို လားရှိုးမြို့မဘောလုံးကွင်းထဲမှာလည်း အတွဲလိုက်ပစ် ဒုံးကျည်တင်ကားတွေကို နေရာချတပ်စွဲထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၂) စကတည်းက လားရှိုးမြို့ပြင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက မြို့ကိုဝိုင်းပတ်နေရာယူထားတာဖြစ်ပြီး အခုတိုက်ပွဲဖြစ်ပွားလာတဲ့အခါ စစ်ကောင်စီဘက်က မြို့ပြင်ပတ်ပတ်လည်က ရွာတွေကို လက်နက် ကြီးနဲ့ပစ်နေတာလို့ မြို့ခံတချို့က ပြောပါတယ်။

“ အခုက တောက်လျှောက်ပစ်နေတာပဲ။ ဟိုဘက်(တော်လှန်ရေးမဟာမိတ်)ကတော့ နမ့်ပေါင်ရွာနားက တံတားကို သိမ်းလိုက်ပြီလို့ ကြားတယ်။ သူတို့သတင်းတော့ မထုတ်ပြန်သေးဘူး” လို့ အမှတ်(၄၁) ခြေလျင်တပ်နားမှာ နေထိုင်တဲ့ မြို့ခံက ပြောပါတယ်။

စစ်ကောင်စီဟာ လားရှိုးမှာရှိတဲ့ သူ့အင်အားတွေကို အဲဒီခြေလျင်တပ်ထဲမှာ အထိုင်ချစုပေါင်းထားတယ်လို့လည်း သူတွေ့မြင်ရတာကို ဆက်ပြောပါတယ်။

လားရှိုးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ ရက်သတ္တတစ်ပတ်ကျော်လာပြီဖြစ်သလို တနေ့က စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား တစ်ဒါဇင်နီးပါးသေဆုံးပြီးဖြစ်ကာ ယာဉ်နဲ့ အိုးအိမ်ဆောက်အအုံတွေလည်း ပျက်စီးနေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ မှာ ရှမ်းပြည်မြောက်ပိုင်းက တပ်စခန်းနဲ့ မြို့ရွာ အများအပြားကို စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဟိုင်ဂင်သဘောတူညီ ချက်မှာ လက်မှတ်ထိုးကာ ညီနောင်မဟာမိတ်တပ်တွေနဲ့ အပစ်ရပ်ထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာတော့ တော်လှန်ရေး မဟာမိတ်တွေဘက်က ထိုးစစ်ကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးရက်တာကာလအတွင်း ညီနောင်မဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီဟာ လက်နက်ခဲယမ်းအများအပြား၊ တပ်စခန်းအများအပြားကို ဆုံးရှုံးထားရပြီး ‘၁၀၂၇-စစ်ဆင်ရေး’အပိုင်း(၂) အတွင်း ရှမ်းပြည်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ တာပါ။ ဒီစစ်ဆင်ရေးအပိုင်း(၂)ကို အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) က ရှမ်း-မန်း စစ်ဆင်ရေးလို့ သုံးနှုန်းထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာကုန်သွယ်ရေးအဓိကကျတဲ့ မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းမှာ စစ်ကောင်စီဟာ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေကလွဲရင် ကျန်မြို့ရွာတွေကို ‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၁)မှာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ဆုံးရှုံးထားခဲ့တာဖြစ်ပြီး အခု လက်ကျန်လေးမြို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးကိုလည်း ဦးတည်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ပုံစာ- လားရှိုးမြို့လယ်ကောင်မြင်ကွင်းနဲ့ မြို့ကိုစွန့်ခွါနေကြတဲ့ဒေသခံကားတချို့ကို ဒီနေ့တွေ့မြင်ရတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- AKM

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."