ရန်ကုန် – ၂၀၂၄ ဇူလိုင် ၄ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်နဲ့ ငပလီကမ်းခြေတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတွေနဲ့ ကိုယ်တိုင်စစ်ဘေးရှောင်လာသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစပြီးတော့ သံတွဲနဲ့ငပလီဒေသခံအများစုဟာ တောင်ပိုင်းအစွန်ဆုံးဖြစ်တဲ့ ဂွမြို့ကို အလုံးအရင်းနဲ့ ဆက်တိုက်တိမ်းရှောင်နေကြတာဖြစ်ပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေနဲ့ ရန်ကုန်မြို့တွေအထိ တိမ်းရှောင်လာကြရတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
သံတွဲမှာပိတ်မိနေတဲ့စစ်ဘေးရှောင်တွေကို ပရိတအသင်းတွေက ကူညီကယ်ထုတ်ပေးနေသလို ဒေသခံတချို့ရဲ့ အိမ်စီးကားတွေနဲ့ ကူညီခေါ်ဆောင်နေတာလည်းရှိတယ်လို့ သံတွဲစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ငပလီဆိုရင် ကမ်းခြေတစ်လျှောက် ရွာတွေအကုန်လုံး ရွာလုံးကျွတ်ပဲ။ သံတွဲမြို့ပေါ်ဆိုရင်လည်း တော်တော်များများ ထွက်သွားကြပြီ။ မြို့ပေါ်မှာတော့ မပြောင်းသေးတဲ့သူတွေတော့ နည်းနည်းပဲကျန်တော့တာ” လို့ ၎င်းစစ်ဘေးရှောင်တွေကိုကူညီနေသူက ပြောပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကစပြီး သံတွဲမြို့နယ်အတွင်းနဲ့ ငပလီကမ်းခြေတစ်လျှောက်ကို AA တပ်တွေ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ဆက်တိုက်ပြင်းထန်နေတယ်လို့ စစ်ဘေးရှောင်လာတဲ့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
“ငပလီရဲ့ ကမ်းခြေတွေပေါ်ထိ AA က တက်လာနေပြီပေါ့။ ကမ်းခြေတစ်ဝိုက်က ရွာတွေထိ ဝင်လာတဲ့သတင်းတွေကြားရတယ်။ လေဆိပ်အနီးတစ်ဝိုက်နဲ့။ စစ်တပ်ရဲ့ တပ်ရင်းတွေအနီးထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ နောက်ဆုံးသိထားရပါတယ်” လို့ အဲဒီ ဒေသခံကပြောပါတယ်။
ဒ့ါပြင် တိုက်ပွဲတွေကြားပိတ်မိနေတဲ့ဒေသခံတွေလည်း အများအပြားရှိနေသေးပြီး သံတွဲနဲ့ ငပလီကမ်းခြေတစ်လျှောက် ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ မရရှိတော့တာကြောင့် မိသားစုတွေအကြား အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“သူဌေးကျွန်းတို့၊ ဒီဘက် ဂျိတ်တောကမ်းခြေတို့မှာ စစ်ဘေးရှောင်တွေ အများကြီးပိတ်မိနေတဲ့ အခြေအနေရှိတယ်။ သူတို့က ဒီဘက်လည်း ဆင်းလာလို့မရ၊ သွားခေါ်လို့လည်း မရတော့ဘူး” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒေသတွင်း သတင်းတချို့မှာတော့ AA တပ်တွေဟာ ငပလီကမ်းခြေအနီးက စစ်ကောင်စီတပ်ရင်း ခမရ-၅၆၆ ကို ယခုလကုန်မှာ သိမ်းပိုက်ခဲ့ထားခဲ့ပြီး ကျန်ရှိတဲ့ ခလရ-၅၅ ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည်စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့ကိုးမြို့နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတို့ကို အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ခဲ့ရပြီး AA အနေနဲ့ ကျန်ရှိတဲ့ စစ်တွေ၊ အမ်း၊ သံတွဲ စတဲ့မြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတာပါ။
ပုံစာ – လူသူကင်းမဲ့နေတဲ့ သံတွဲမြို့ပေါ် လူနေရပ်ကွက်တွေ
ဓာတ်ပုံ – Rakha

