“လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ တောင်ပေါ်ကနေ မြေပြန့်ကွင်းထဲကို ဆင်းလာကြတော့မယ့်အရိပ်နိမိတ်တွေကို ဖော်ပြနေတာလို့ ကျွန်တော်ကတော့ သဘောပေါက်ပါတယ်”

 “လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ တောင်ပေါ်ကနေ မြေပြန့်ကွင်းထဲကို ဆင်းလာကြတော့မယ့်အရိပ်နိမိတ်တွေကို ဖော်ပြနေတာလို့ ကျွန်တော်ကတော့ သဘောပေါက်ပါတယ်”

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃ (မော်ကွန်း)

ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူခဲ့တဲ့ TNLA အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အခုရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ဒီထိုးစစ်ဟာ ပိုမိုကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်းဒေသအထိပါ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီစစ်ရေးအပြောင်းအလဲတွေ၊ အလားအလာတွေနဲ့ပတ်သက်ပြီး စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုပြီးတော့ TNLA က ထုတ်ပြန်ပြီး ထိုးစစ်တွေ စတင်လာတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာတယ်ပေါ့ဆရာ။ အဲဒီတစ်ကျော့ပြန်ထိုးစစ်က ဘာလို့ အခုလို ဖြစ်လာတယ်လို့ သုံးသပ်လို့ရပါလဲ။

ဦးသန်းစိုးနိုင် – တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဟိုက်ဂင် စစ်ရပ်ဆဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တယ်။ နှစ်ဖက်အင်အားစုတွေကြားထဲမှာ လက်နက်ကိုင်ဖိနှိပ်မှုတွေ၊ တိုက်ခိုက်မှုတွေမလုပ်ဖို့ သဘောတူခဲ့ပေမယ့် စစ်ကောင်စီဘက်က အထူးသဖြင့်တော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး အဲဒီနေရာတွေမှာ နေ့စဉ်နဲ့အမျှ အမြှောက်နဲ့ပစ်တယ်၊ လေယာဉ်နဲ့ဗုံးကြဲတယ်။ ပြီးခဲ့တဲ့လထဲကဆိုရင် TNLA စခန်းကို ဗုံးကြဲတဲ့အတွက် TNLA ရဲဘော်သုံးယောက် ကျဆုံးသွားတဲ့အနေအထားတွေဖြစ်လာတဲ့အခါ၊ ဒါတွေကို TNLA ဘက်က အကြိမ်ကြိမ်ကန့်ကွက်ပေမယ့် ဘာမှထူးခြားပြောင်းလဲလာတာမရှိတော့တဲ့အတွက် အခုနောက်ဆုံးမှာတော့ ဟိုက်ဂင်ဆုံးဖြတ်ချက်တွေကို ကျောခိုင်းပြီးတော့ သူတို့ရဲ့ မူလအစီစဉ်ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဒုတိယအဆင့် ဆင်နွှဲဖို့ဆုံးဖြတ်ပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ရပါတယ်။

မော်ကွန်း – အရင်ကဖြစ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အခုနောက်ဆက်တွဲ စစ်ဆင်ရေးက ဘယ်လိုမျိုး ကွာခြားတာရှိလဲ။ အခုနောက်ဆက်တွဲစစ်ဆင်ရေးက ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်သလဲ။

ဦးသန်းစိုးနိုင် – အခုကတော့ ဒီစစ်ဆင်ရေးက ရှမ်းမြောက်ဒေသအဆုံး နောင်ချို၊ နောက်ပြီး ရှမ်းမြောက်ဒေသအပြင်ဘက်မှာရှိတဲ့ မိုးကုတ်၊ မိုးမိတ်၊ နောက်ပြီးတော့ မန္တလေးတိုင်းထဲမှာရှိနေတဲ့ ဒေသတချို့အထိ ရောက်ရှိလာတဲ့အတွက် NUG နဲ့ မီဒီယာတွေကတော့ ဒီစစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေးဆိုတာထက် ရှမ်းမန်းစစ်ဆင်ရေးလို့ နာမည်ပေးလိုက်တယ်။ ဆိုလိုတာကတော့ ရှမ်းမြောက်က TNLA နဲ့ မဟာမိတ်တွေရဲ့တိုက်ပွဲဟာ ရှမ်းမြောက်ကိုကျော်လွန်ပြီး မန္တလေးတိုင်းထဲကိုဝင်ရောက်လာပြီး စစ်ခွင်က ပိုပြီးကျယ်ပြန့်လာတဲ့သဘောဖြစ်ပါတယ်။ အခုကတော့ မန္တလေးတိုင်းမှာ PDF တွေနဲ့ TNLA အဖွဲ့တွေ ဝင်ရောက်လာတဲ့ အနေအထားတွေတွေ့ရတဲ့အတွက် စစ်ကတော့ ရှမ်းမြောက်ကနေ မန္တလေးတိုင်းအထိ ကူးစက်လာပြီလို့ နားလည်ရပါတယ်။

မော်ကွန်း – အဲဒီလိုဆိုတော့ တရုတ်နိုင်ငံမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီအကြား အရင်က သဘောတူခဲ့တဲ့ ဟိုက်ဂင်အပစ်ရပ်သဘောတူညီချက်က ပျက်ပြယ်သွားပြီလို့သုံးသပ်လို့ရပါလား။

ဦးသန်းစိုးနိုင် – တရုတ်နဲ့ ဆက်ဆံရေးကလည်း ရှိနေသေးတဲ့အတွက် သူတို့ကတော့ ဟိုက်ဂင်သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီလို့ မသုံးပါဘူး။ နွေဦးတော်လှန်ရေးမှာ နဂိုရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမှာ တစ်ပြည်လုံးကစစ်ဆင်ရေးမှာ ပါဝင်မယ်ကြွေးကြော်ထားတဲ့ ညီနောင် သုံးဖွဲကနေ အခု ရှမ်းမြောက်မှာ ဟိုက်ဂင်အစည်းအဝေးပါ ဆုံးဖြတ်ချက်တွေကို နာခံစရာမလိုတော့အောင် စစ်ကောင်စီဘက်က ချိုးဖောက်မှုတွေလည်းရှိတယ်။ ဒါ့ပြင် အခုက ရှမ်းမြောက်ဒေသရဲ့ ခွင်အပြင်ဘက်မှာ တိုက်ပွဲတွေဆင်နွှဲနေတာဖြစ်ပါတယ်။ ဒီဟိုက်ဂင်အစည်းအဝေးအကြောင်းကို ညီနောင်သုံးဖော်က မပြောတော့ပါဘူး။ အဲဒီမှာပါဝင်တဲ့ AA အဖွဲ့ဆိုရင်လည်း သူတို့ရဲ့စစ်ဆင်ရေးဟာလည်း ဟိုက်ဂင်သဘောတူညီချက်မှာ အကျုံးမဝင်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ငပလီအထိ စစ်ရေးထိုးစစ်တွေဆင်နေပြီး အောင်ပွဲတွေရရှိနေတဲ့ အနေအထားပါ။ အခုကလည်း ရှမ်းမြောက်မှာရှိနေတဲ့ TNLA နဲ့ မန္တလေး PDF တွေပေါင်းပြီးတော့ မန္တလေးတိုင်းထဲကို ဝင်ရောက်လာတာဖြစ်တဲ့အတွက် ဟိုက်ဂင်သဘောတူညီချက်နဲ့ ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့သဘောလို့ နားလည်ရပါတယ်။

မော်ကွန်း – အခုလိုထိုးစစ်ဟာ မန္တလေးတိုင်းလို မြေပြန့်ဒေသတွေအထိ ရောက်လာတာကြောင့် လက်ရှိ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေဟာ ဘယ်လိုမျိုးအပြောင်းအလဲတွေ ရှိလာနိုင်လဲ။

ဦးသန်းစိုးနိုင် – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုဟာ တောင်ပေါ်ကနေ မြေပြန့်ဆင်းလာတယ်။ သက်ဆိုင်ရာပြည်နယ်တွေမှာ စစ်ကောင်စီအင်အားစုတွေကို အကုန်အစင် မရှင်းလင်းနိုင်သေးဘူး စစ်ဆင်ရေးကမပြီးဆုံးသေးတဲ့ကာလမှာ TNLA က မန္တလေးတိုင်းနဲ့ ဆက်စပ်ပြီးတော့ ဝင်ရောက်လာတာဖြစ်ပါတယ်။ ပြီးတော့ ရခိုင်ကလည်း အမ်းကိုသိမ်းပိုက်နိုင်တယ်ဆိုရင်တော့ မကွေးတိုင်းထဲကို ဝင်ရောက်လာနိုင်တယ်။ အလားတူ အခုတိုက်ပွဲဖြစ်နေတဲ့ ငပလီကိုလွန်ရင် ဂွ၊ ဂွလွန်ရင်တော့ မြစ်ဝကျွန်းပေါ်ပါ။ အဲဒီဘက်ကိုလည်း AA ဟာ ဝင်ရောက်လာနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ တချိန်တည်းမှာ KIA ဟာလည်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတစ်လျှောက်မှာရှိနေတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ တကယ်လို့ မြစ်ကြီးနား၊ ဗန်းမော်တို့လို ဒေသတွေမှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဆိုရင် သူကလည်း စစ်ကိုင်းတိုင်းထဲကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေးဟာ TNLA နဲ့ မန္တလေးတိုင်းတင်မကပါဘူး။ လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ တောင်ပေါ်ကနေ မြေပြန့်ကွင်းထဲကို ဆင်းလာကြတော့မယ့် အရိပ်နိမိတ်တွေကို ဖော်ပြနေတာလို့ ကျွန်တော်ကတော့ သဘောပေါက်ပါတယ်။

မော်ကွန်း – စစ်ကောင်စီဘက်ကလည်း လက်ရှိမှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာပြီး စစ်အင်အားတွေ ပြန်ဖြည့်တင်းလာတာ တွေ့ရတယ်ပေါ့။ လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဘယ်လိုမျိုးတွေ တုံ့ပြန်နေတယ်လို့ မြင်တွေ့ရပါလဲ။

ဦးသန်းစိုးနိုင် – သူတို့အခု အဓိက တုံ့ပြန်နေတာကတော့ လေကြောင်းထိုးစစ်နဲ့ အမြှောက်စခန်းတွေပါပဲ။ မြေပြင်စစ်ဆင်ရေးတွေမှာတော့ သူ့တပ်တွေဟာ တိုက်တိုင်းရှုံးသလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေစစ်သားတွေက စစ်မှမတိုက်ချင်ကြတာပဲ။ အဲဒီတော့ လေကြောင်းထိုးစစ်တွေ အပြင်းအထန်လုပ်လာတယ်။ ဒီလေကြောင်းထိုးစစ်တွေရဲ့ အဓိကသက်ရောက်မှုက တော်လှန်ရေးအင်အားစုတွေကိုတင် ထိခိုက်တာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ အိုးအိမ်အဆောက်အအုံတွေ၊ ဘာသာရေးကျောင်းတွေ၊ လူနေအိမ်တွေကို ထိခိုက်တာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ်ကို ဘာမှအထောက်အကူမဖြစ်ပါဘူး။ မြေပြင်မှာစစ်ရှုံးနေတဲ့အတွက် ဒီလိုလေကြောင်းထိုးစစ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်နေမှုဟာ ပြည်သူလူထုကိုပဲ ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုကို ယူဆောင်လာတဲ့အတွက် စစ်ကောင်စီအပေါ် ပြည်သူလူထုရဲ့ ဆန့်ကျင်မှုက ပိုပြီးတော့များပြားလာမယ်၊ ကြီးထွားလာမယ့်အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ။ ဒါကြောင့် သူတို့ရဲ့ စစ်အင်အားတိုးချဲ့မှုက ဘာမှအကျိုးသက်ရောက်မှု ထူးထူးခြားခြား ဖြစ်မလာဘူးလို့ ယူဆပါတယ်။

မော်ကွန်း – အရင်ထိုးစစ်တွေတုန်းက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ပွဲတွေရပ်တန့်တာတွေ ရှိခဲ့ပါတယ်။ အခုတစ်ကျော့ပြန်စစ်ပွဲတွေမှာရော တရုတ်နိုင်ငံရဲ့သဘောထားက ဘယ်လိုရှိတယ်လို့ သုံးသပ်လို့ရပါလဲ။ ကြားဝင်လာနိုင်တဲ့အခြေအနေရော ရှိလာနိုင်လား။

ဦးသန်းစိုးနိုင် – သူတို့ကတော (တရုတ်နိုင်ငံ) ဒီလိုသဘောထားရှိတာပဲ။ ရခိုင်ဆိုရင်လည်း ရိုဟင်ဂျာကိစ္စအကြောင်းပြပြီး ကြားဝင်ဖို့ကြိုးစားနေတာပဲ။ ဒါပေမယ့် အရှေ့မြောက်လို တရုတ်နယ်စပ်ဒေသမှာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ နယ်မြေတွေမှာသာလျှင် စစ်ရပ်စဲဖို့ တိုက်တွန်းတာကို ဒီညီနောင်အဖွဲ့အစည်းတွေအနေနဲ့က လက်ခံစဉ်းစားနေရပေမယ့် အခုလိုမျိုး မြေပြန့်ဒေသနဲ့ မြန်မာပြည်အောက်ပိုင်းဒေသက စစ်ရေးအခြေအနေရိုက်ခတ်လာမှုနဲ့ပတ်သက်လို့တော့ တရုတ်က ကြားဝင်မယ့် အခြေအနေတော့ မရှိသေးဘူးလို့ လောလောဆယ်မြင်ရပါတယ်။

ဓာတ်ပုံ – ဦးသန်းစိုးနိုင် Facebook

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."