ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း)
စစ်ကောင်စီက ဆန်ဈေးနှုန်းသတ်မှတ်လိုက်ပြီးနောက် ကုန်သည်တွေက စပါးအရောင်းအဝယ်တွေ ရပ်တန့်လိုက်တာကြောင့် စပါးဈေးထိုးကျသွားပြီး စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ လယ်သမားတွေကပြောပါတယ်။
သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင်တချို့နဲ့ ဈေးဝယ်စင်တာတွေက တာဝန်ရှိသူတချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လာပါတယ်။
ဒီလိုလုပ်ဆောင်လာတာကြောင့် ဆန်ကုန်သည်တွေဟာ အရောင်းအဝယ်တွေကို ရပ်ထားလိုက်ပြီး အောက်ခြေက စပါးဈေးဟာလည်း ထိုးကျသွားတယ်လို့ ဧရာဝတီတိုင်းပုသိမ်မြို့က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
မိုးမကျခင်က ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရက်ကိုးဆယ်သီးထပ်စပါးဟာ တင်း ၁၀၀ ကို ၂၅ သိန်းကျပ်ခန့် ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ် ၁၃ သိန်းဝန်းကျင်တောင် မနည်းရောင်းနေရတယ်လို့ ပုသိမ်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ကုန်သည်တချို့က စပါးကိုဈေးနှိမ်ဝယ်နေကြတာကြောင့် စပါးရိတ်သိမ်းပြီးသား တောင်သူတွေဟာ အခက်အခဲဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“အခုက ကျွန်တော်တို့ရိတ်ပြီးသားကိုရောင်းတာ မနည်းချော့ရောင်းရတယ်။ ဒီဈေးနဲ့ သေချာတွက်ကြည့်ရင် လယ်စိုက်ပျိုးစရိတ်အရှုံးပေါ်တယ်လို့ ပြောလို့ရတယ်” လို့ ၎င်း တောင်သူက ပြောပါတယ်။
“သတ်မှတ်ဈေးအတိုင်း ရောင်းလို့ရအောင် ကုန်သည်တွေက စပါးဈေးချပြီးဝယ်မှာပဲ။ ကျွန်တော်တို့တောင်သူတွေကတော့ စိုက်ပျိုးစရိတ်တောင်မရတော့ရင် မစိုက်တော့ဘူးပေါ့။ လုပ်တိုင်းရှုံးနေရင်တော့ ဘယ်လုပ်ချင်တော့မလဲဗျာ” လို့၎င်းကဆက်ပြောပါတယ်။
တောင်သူတွေဟာ မျိုးစပါး၊ ထွန်စက်ခ၊ ဓာတ်မြေဩဇာခ၊ ရိတ်သိမ်းခြွေလှေ့ရတဲ့ အလုပ်သမားစရိတ်တွေအပါအဝင် လယ်တစ်ဧကအတွက် ကုန်ကျစရိတ်က ကျပ်ရှစ်သိန်းကျော်ရှိပြီး စပါးဈေးဟာ တင်း ၁၀၀ ကို ကျပ် ၂၅ သိန်းဈေးရမှာသာ လယ်တစ်ဧကအတွက် အမြတ်ငွေ ခုနစ်သိန်းကျပ်ခန့်ပဲ ကျန်မှာဖြစ်ပါတယ်။
ဒီလို စပါးဈေးကျဆင်းသွားပေမယ့် စိုက်ပျိုးဖို့ အသုံးပြုနေရတဲ့ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး အပါအဝင် စိုက်ပျိုးစရိတ်တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်တက်နေဆဲလို့ တောင်သူတွေက ပြောပါတယ်။
ဆန်ဈေးနှုန်း အဆမတန်မြင့်တက်လာတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီတာဝန်ရှိသူတွေဟာ ဆန်ကုန်သည်ကြီးတွေကို ဖမ်းဆီးတာ ဆန်၊ ဂိုဒေါင်တွေကို စစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် စူပါးမားကတ်လို အရောင်းစင်တာတွေမှာပါ ဆန်ရောင်းချမှုတွေကို ရပ်ထားရပါတယ်။
ဒါ့ပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ ကုန်စည်ဒိုင်တွေနဲ့ ဆန်ဆိုင်ကြီးတချို့မှာ ဆန်ကြမ်းတစ်ပြည်ကို ကျပ်သုံးထောင်၊ ဆန်ချောတစ်ပြည်ကို ကျပ်ငါးထောင် ဈေးနှုန်းတွေနဲ့ ပြန်လည်ရောင်းချတာရှိပြီး ရပ်ကွက်ထဲက ဆိုင်တွေအားလုံးလည်း အဲဒီဈေးနှုန်းအတိုင်း တပြေးညီရောင်းချဖို့နဲ့ မရောင်းချရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ထားတာပါ။
ပုံစာ – ဒလမြို့နယ်က စပါးစိုက်ခင်းမြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

