မိုးကုတ် – ၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းဒေါ်နန်းကြည်တောင်မှာ ဒီနေ့ မနက် အစောပိုင်း ၆: ၀၀ နာရီဝန်းကျင်ကစတင် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က မနက် ၉:၃၀ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
” မနေ့က ၆း၀၀နာရီလောက်ထိပဲ ပစ်သံကြားရတာ၊ တစ်ညလုံးမကြားရဘူး၊ ခုမနက် ၆း၀၀ နာရီမှ ပြန်ကြားရတာ၊ မိုးကလည်းအရမ်းရွာနေတယ်၊ TNLA ရှိမယ်ထင်တဲ့နေရာကို လာကြဲတာထင်တယ်”လို့ မိုးကုတ်မြို့၊ ကျပ်ပြင်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ဒေါ်နန်းကြည်တောင်နဲ့အနီးတစ်ဝိုက်မှာ မနေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေကာ TNLA ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေးဆက်တွဲအဖြစ် ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဒေါ်နန်းကြည်တောင်အနီးကို ဒီနေ့မနက် ၉း၃၀ ဝန်းကျင်က ဂျက်ဖိုက်တာနဲ့ဗုံးတစ်လုံးကြဲချရာမှာ တရုတ်သင်္ချိုင်းထဲကျရောက်ပေါက်ကွဲပြီးလူအထိခိုက်ကိုမသိရသေးပါဘူး။
မိုးကုတ်မြို့နယ် ရွာသာယာရွာ၊ ပန်သပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိုက်ပုံးနေရာ(ဂွေ့ကြီးကျေးရွာအနီး)၊ ဒေါ်နန်းကြည်တောင်နဲ့ ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) မှာ မနေ့က အာဏာသိမ်းစစ်တပ်နဲ့ PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျက်ဖိုက်တာနဲ့ (၅) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
ရက္ခိုင်ပြည်တောင်ပိုင်းမှာရှိတဲ့ အမ်းနဲ့ သံတွဲမြို့က စစ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်မှုကို အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းကနေ အကြိမ်ရေများစွာ ပြန်လည်ပစ်ခတ်တိုက်ခိုက်နေချိန် AA ရဲ့ မဟာမိတ်ဖြစ်တဲ့ TNLA ဟာ စစ်တပ်နဲ့အပစ်ရပ်ထားရာကနေ ပါဝင်လာတာဖြစ်ပါတယ်။
ပုံစာ – ၂၀၂၄ မေလပိုင်းက တွေ့ရသည့် TNLA စစ်သင်တန်းသားများ
ဓါတ်ပုံ – TNLA

