ရန်ကုန်-၂၀၂၄ ဇွန် ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ကမ္မကျေးရွာအနီးမှာ ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်တွေ ပစ်ခတ်တာခံရလို့ ပျံလွန်တော်မူသွားတဲ့ နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ ဖြစ်စဉ်နဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့ နေ့လယ်ပိုင်းက ထပ်မံသတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၉ ရက်ညနေပိုင်းက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါလာတဲ့ကားကို NUG၊ PDF အဖွဲ့တွေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရစဉ် ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ဘေးမှာရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီးက မနေ့က သံဃာတော်တွေနဲ့ ဧည့်ပရိတ်သတ်တွေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြရာမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းပို့တင်ပြမှု အချက်အလက်တွေက ကွဲလွဲမှုတွေဖြစ်ပေါ်နေလို့ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့ ဒီနေ့ထပ်မံထုတ်ပြန်ပါတယ်။
ဒါပေမယ့် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကန်သုံးဆင့်ဆရာတော်ကြီးကတော့ အခုလိုမိန့်ထားပါတယ်။
“ဝိုင်းပြီးတော့ ဖော(FAW)ကားပေါ်ကနေ ပစ်လိုက်တာ ခုနစ်ချက်ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကတော့ တစ်ဘဝ တစ်ခန္ဓာရုပ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့မှန်စထိပါတယ်ဘုရား။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ၊ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊စစ်သားတွေ ရက်စက်လှချည်လားလို့၊ အရှင်ဘုရားတို့ကဗျာတဲ့ ဘုန်းကြီးမှန်းမသိလို့ပါတဲ့။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားမှတ်ပြီး တပည့်တော်တို့ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”
လက်ရှိအချိန်မှာတော့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ပြောပြမှုနဲ့ စစ်ကောင်စီသတင်းထုတ်ပြန်တာ ကွဲလွဲမှုတွေကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေပြီး ဖြစ်စဉ်မှန်ကိုသိရရင် လိုအပ်တဲ့ အရေးယူမှုတွေဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဒီနေ့ဆိုပါတယ်။
စစ်ကောင်စီတာဝန်ရှိသူတွေကလည်း ဝင်းနိမ္မိတာရုံကျောင်း တာဝန်ရှိဆရာတော်တွေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းနေတဲ့အကြောင်း မနေ့က လာပြောတယ်လို့ ကျောင်းတိုက် တာဝန်ရှိဆရာတော်က မော်ကွန်းကိုပြောပါတယ်။
“မနေ့ညနေကတော့ ဈာပနဆရာတော်တွေကို လာပြီးတော့ လျှောက်ပါတယ်။ သူတို့ဖြစ်စဉ်မှန်ကို အခုမှသိတယ်။ ဖြစ်စဉ်မှန်ပေါ်ပေါက်ဖို့ သူတို့လုပ်ဆောင်ပါမယ်ဆိုပြီးတော့ ပြောတယ်” လို့ အဲဒီဆရာတော်က မိန့်ပါတယ်။
လက်ရှိအချိန်မှာတော့ ဝင်းနိမ္မိတာရုံဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ ဒါယိကာ၊ ဒါယကာမတွေနဲ့ တပည့်သာဝကတွေစုပေါင်းပြီး ဈာပနအခမ်းအနားဆောင်ရွက်နေသလို ဆရာတော်ရဲ့ ရုပ်အလောင်းကို ကိုးရက်အပူဇော်ခံထားရှိမယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးဟာ ပဲခူးမြို့ကနေ မန္တလေးကို အစည်းအဝေးတစ်ခုအတွက် အခုလ ၁၉ ရက်က လေကြောင်းကနေ သွားရောက်ခဲ့တာဖြစ်ပြီး လေဆိပ်ကအထွက် မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ကမ္မကျေးရွာအနီးမှာ ဆရာတော်လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး အတူပါလာတဲ့ ကန်သုံးဆင့်ဆရာတော်ကြီးက ဦးခေါင်းမှန်ကွဲစထိမှန်ဒဏ်ရာရခဲ့သလို ယာဉ်မောင်းဖြစ်သူလည်း လက်သုံးချောင်းပြတ်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခံခံရလို့ ပျံလွန်တော်မူသွားတာဟာ သာသနာအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ သံဃာတော်တွေနဲ့ တပည့်သာဝကတွေက ဆိုကြပါတယ်။
ပုံစာ-စစ်ကောင်စီတပ်သားတွေပစ်ခတ်လို့ ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်။
ဓာတ်ပုံ-ဝင်းနိမ္မိတာရုံ။

