ရန်ကုန်-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း)
နိုင်ငံတော် သံဃာ့နာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား တံတားဦးလေဆိပ်အထွက်မှာ ပစ်ခတ်ခံရလို့ ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် တာဝန်ရှိဆရာတော်တွေနဲ့ တပည့်တွေက ပြောပါတယ်။
ဒေသတွင်းသတင်းတွေနဲ့ မြေပြင်အခြေအနေသိရှိသူတွေရဲ့ပြောပြချက်တွေအရ ဆရာတော်လိုက်ပါလာတဲ့ကားဟာ တံတားဦးလေဆိပ်အထွက်က လေဆိပ်လုံခြုံရေးယူထားတဲ့နေရာမှာရပ်မပေးလို့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် ဆရာတော်ကိုထိမှန်ပြီး ပျံလွန်တော်မူခဲ့တာလို့ ဆိုကြပါတယ်။
“ဉုးဇင်းတို့ကတော့ အစအဆုံးတော့မသိသေးဘူး။ ဉုးဇင်းတို့ ဆီကနေ မနက်ခင်းလေးနာရီ မိနစ်၂၀ လောက်ကို ကြွသွားတယ်။ ဉုးဇင်းတို့က သတင်းကို ၁ နာရီခွဲ ၂ နာရီလောက်မှ သိရတယ်။ ဖြစ်စဉ်အစအဆုံး ဉုးဇင်းမသိသေးဘူး။ ဖြစ်တာတော့ဖြစ်သွားပြီ။ ဉုးဇင်းတို့လည်း ဉုးဇင်းတို့ ဆရာတော်ဘုရားကို ပြန်ကြိုနေပြီ” လို့ ကျောင်းတိုက် တာဝန်ရှိသူ ဉုးဇင်းတစ်ပါးက မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းက နောက်ထပ်ဆရာတော်တစ်ပါးကလည်း ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆရာတော်ပျံလွန်တော်မူသွားတယ်ဆိုတာ ထပ်မံအတည်ပြုပါတယ်။
“ဆရာတော်က စာသင်စာချလောကမှာ မသိသူမရှိတဲ့ ဆရာတော်ကြီးပါ။ အခုလိုဖြစ်သွားတာ သာသနာတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းကို ပြန်သယ်ယူဖို့လုပ်ဆောင်နေပြီး ဈာပနအခမ်းအနားကျင်းပဖို့နဲ့ တပည့်သံဃာတွေပူဇော်ဖို့ လုပ်ဆောင်နေတယ်လို့ ကျောင်းတိုက် တာဝန်ရှိတဲ့ ဉုးဇင်းက မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော် အရှင်မုနိန္ဒာ ဘိဝံသဟာ ၁၉၄၇ မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ် သိက္ခာတော် ၅၇ ဝါရှိပြီလို့ သိရပါတယ်။
ပုံစာ-လေဆိပ်အထွက်မှာ ပစ်ခတ်ခံရလို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် အရှင် မုနိန္ဒာဘိဝံသ
ဓာတ်ပုံ-ဝင်းနိမ္မိတာရုံ

