ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း)
ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာ ယခုနှစ်ခြောက်လတာကာလအတွင်း နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ ကုန်စိမ်းရောင်းချတဲ့ ကုန်စည်ဒိုင်တွေရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ဂေါ်ဖီထုပ် ၁၀၀ ရဲ့ လက်ကားဈေးဟာ အနိမ့်ဆုံးငါးသောင်းကျပ်ကနေ တစ်သိန်းကျပ်ဝန်းကျင်ပဲရှိရာက လက်ရှိမှာ အနိမ့်ဆုံးတစ်သိန်းကနေ အမြင့်ဆုံး နှစ်သိန်းလေးသောင်းကျော်ထိ ရှိလာတယ်လို့ ကုန်စိမ်းပစ္စည်းတွေရောင်းချတဲ့ တညင်းကုန်းလက်ကားဈေးရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
အလားတူပဲ မနှစ်က ပန်းဂေါ်ဖီ ၁၀၀ ပွင့်ကို လက်ကားဈေး အနိမ့်ဆုံး ကျပ်ငါးသောင်းကနေ တစ်သိန်းနှစ်သောင်းဝန်းကျင်ပဲ ရှိရာက လက်ရှိမှာ ကျပ်တစ်သိန်းကနေ နှစ်သိန်းလေးသောင်းထိ ရှိနေပါတယ်။
မုန်ညင်းထုပ်ဈေးဟာ မနှစ်ကတော့ ၅၀ သားကို ၇၅၀ ကျပ်ကနေ ၈၀၀ ကျပ် ဝန်းကျင်ပဲရှိရာက လက်ရှိ မှာ ၅၀ သားကို အမြင့်ဆုံးဈေးက ၄,၀၀၀ ကျပ်ထိ ရှိလာပြီး လေးဆကျော်မြင့်တက်ခဲ့ပါတယ်။
ကန်စွန်းရွက်ဈေးဟာလည်း မနှစ်ကတစ်စည်းကို အနိမ့်ဆုံး လက်ကားဈေး ၂၀၀ ကျပ်ကနေ ၃၅၀ ကျပ်ဝန်းကျင်ပဲရှိရာက လက်ရှိမှာ အနိမ့်ဆုံး ၃၀၀ ကျပ်ကနေ ၅၀၀ ကျပ်ထိ ရှိနေတာပါ။ အများပြည်သူတွေ ဝယ်ယူနေတဲ့ ဈေးတွေမှာဆိုရင် ကန်စွန်းရွက်တစ်စည်းဟာ ၆၀၀ ကျပ်ဝန်းကျင်အနိမ့်ဆုံးဖြစ်နေပါတယ်။
တခြား ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက် အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ခြောက်လကာလအတွင်းမှာ နှစ်ဆနီးပါး ဈေးနှုန်းမြင့်တက်ခဲ့တာပါ။
အဲဒီဈေးနှုန်းတွေဟာ တညင်းကုန်းဈေးရဲ့ လက်ကားဈေးနှုန်းတွေပဲဖြစ်ပြီး အများပြည်သူတွေ ဝယ်ယူနေတဲ့ ဈေးတွေမှာဆိုရင် အဲဒီဈေးတွေထက် နှစ်ဆနီးပါး ထပ်ပြီးမြင့်တက်နေတာပါ။
အခုလို ကုန်စိမ်းဈေးဟာ နှစ်ဆနီးပါးမြင့်တက်လာတာဟာ ပစ္စည်းပြတ်လပ်လာတာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နဲ့ အလုပ်သမားစရိတ်တွေ မြင့်တက်လာတွေကြောင့် ဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ်က ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားသောက်ကုန်တွေ လက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
“တညင်းကုန်း ကုန်စိမ်းဈေးကိုအရောက် ကားခ၊ အလုပ်သမားအတင်အချခက အရင်ထက် နှစ်ဆနီးပါး တက်လာတယ်။ ပစ္စည်းကလည်း မကြာမကြာ ပြတ်လပ်တာတွေ ရှိလာတော့ ကြိုပြီးတင်ထားတာတွေရှိလာတယ်။ ကားတွေကလည်း ဂိတ်ကြေးလမ်းတံတားကြေးတွေ ပြင်ဆင်စရိတ်တွေကြောင့် အရင်နှုန်းနဲ့ မသယ်ကြဘူး၊ သူတို့လည်း နှစ်ဆကျော်လောက်တက်လာတယ်”လို့ ၎င်းက ပြောပါတယ်။
ဒါ့ပြင် လက်ကားဈေးတွေကနေ ပြန်ဝယ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက်ဈေးတွေမှာ ပြန်ရောင်းချရာမှာလည်း အဲဒီလို ကုန်ကျစရိတ်တွေ အသီးသီးမြင့်တက်လာတာကြောင့် စားသုံးသူဆီရောက်တဲ့အခါ လက်ကားဈေးထက် နှစ်ဆနီးပါး ထပ်မံမြင့်တက်သွားတယ်လို့ ၎င်း ကုန်စိမ်းရောင်းချသူက ရှင်းပြပါတယ်။
“တညင်းကုန်းဈေးကနေလည်း သက်ဆိုင်ရာ မြို့နယ်တွေအရောက် ရောင်းချနိုင်တဲ့အထိ ကားခ၊ အလုပ်သမားခ၊ ရွှေ့ပြောင်းစရိတ်တွေ၊ စည်ပင်သာယာကြေးတွေရှိတယ်။ ပြီးရင်ဈေးသည်ဆိုတာက အခုဝယ်ပြီးပစ္စည်းရောင်းပြီးရင် ထပ်ဝယ်ဖြည့်ဖို့ တွက်ထားရတယ်။ ဈေးတက်သွားရင် ထပ်မဝယ်နိုင်တော့မှာဆိုတာကို အလျော့တွက် တွက်ထားရတဲ့ စရိတ်ရှိတယ်။ အဲဒီမှာ စရိတ်တွေ အဆင့်ဆင့်တက်သွားတယ်” လို့ ၎င်းက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးကတော့ ဈေးမှာ အသားငါးတွေလည်း ဈေးနှုန်းတွေဟာ မြင့်တက်နေသလို ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥနဲ့ ဈေးတွေ အားလုံးနီးပါးဟာ အခုနှစ် သင်္ကြန်ကာလအပြီးမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး ဝင်ငွေနဲ့ လောက်ငှအောင် ချက်ပြုတ်ရတာ ခက်ခဲလာတယ်လို့ ပြောပါတယ်။
“မဝယ်လို့လည်းမရဘူးလေ၊ ကုန်ဈေးနှုန်းက မိုးထိအောင်ထိုးနေပေမယ့် ဝင်ငွေက အရင်ကလည်း ဒီလောက်က ဒီလောက်ပဲလေ။ ဈေးတစ်ခါသွားရင် တော်တော်ဗျာများရပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဟင်းသီးဟင်းရွက်ဈေးတွေအပြင် ပြည်တွင်းစားသုံးနေတဲ့ စားအုန်းဆီဈေးကွက်ထဲမှာလည်း လိုအပ်တဲ့ စားအုန်းဆီ ပမာဏတွေကို ဝယ်ယူလို့မရဖြစ်နေပြီး ဈေးနှုန်းဟာလည်း တစ်ပိဿာကို ကျပ် ၁၂,၀၀၀ ဝန်းကျင်ထိ မြင့်တက်နေတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ၊ ရွှေဈေးနှုန်းတွေဟာ စံချိန်တင်မြင့်တက်ခဲ့ပြီး လူသုံးကုန်ပစ္စည်းတွေ၊ အခြေခံစားသောက်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း သုံးနှစ်အတွင်း ဈေးတွေခေါင်ခိုက်လာခဲ့တာပါ။
ဒါ့ပြင် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေတဲ့ ဒေသတွေမှာဆိုရင် အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းဟာပုံမှန်ထက် အဆပေါင်းများစွာ မြင့်တက်နေပြီး ပြည်သူတွေဟာ ပိုပြီးခက်ခဲလာနေတာပါ။
ကမ္ဘာ့ဘဏ် (World Bank) က ယခုရက်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းဟာ မြင့်တက်လာနေပြီး ပြည်တွင်းမှာ ပဋိပက္ခတွေ မြင့်တက်လာတာ၊ လုပ်သားအင်အား ရှားပါးလာတာ၊ ငွေကြေးတန်ဖိုးလျော့ကျလာတာတွေအပြင် နိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းပြဿနာ လျှပ်စစ်မီးရရှိမှု အကန့်အသတ်တွေကြောင့် စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကျဆင်းလာတယ်လို့ သုံးသပ်ထားပါတယ်။
ပုံစာ – ရန်ကုန်မြို့က ပျံကျဈေးတစ်ခုမြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

